ရတနာပုံမြို့သစ်စီမံကိန်းမြေမှာ ကျူးကျော်ဆောက်ထားတယ်ဆိုကာ ပြည်သူနေအိမ်တွေကို အင်အားသုံးဖယ်ရှားမှုတွေ ဆက်တိုက်လုပ်

0 8
0 8

ပြင်ဦးလွင်၊ ဇွန် ၁၃၊ ၂၀၂၆။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ရွာက နေအိမ် ၅၀ ကျော်ကို ရတနာပုံမြို့သစ်စီမံကိန်းမြေမှာ ပါဝင်နေတယ်ဆိုကာ အသွင်ပြောင်းအစိုးရက အဓမ္မဖယ်ရှားခိုင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီနေအိမ်တွေဟာ အသွင်ပြောင်းသမ္မတ မင်းအောင်လှိုင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံကုမ္ပဏီကဆောက်လုပ်မယ့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းဧရိယာအတွင်းမှာ ဝင်ရောက်ဆောက်လုပ်ထားတယ်ဆိုကာ အခုလ ၁၅ ရက်နေ့ နောက်ဆုံးထားဖယ်ရှားခိုင်းနေတာပါ။

မန္တလေး- ပြင်ဦးလွင်လမ်း၊ ပြင်စာရွာမြောက်ဘက်က ဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ် အဝင်ပေါက်ကနေ သုံးတောင်ရွာ၊ နတ်နန်းအထိ မြေဧကအားလုံးကို စီမံကိန်းမြေအဖြစ်သိမ်းယူလိုက်ပြီးနောက် အခုလို ဖယ်ရှားခိုင်းနေတာလို့ သိရပါတယ်။

ကားလမ်းမအနောက်ဘက်ရှိ နေအိမ်အလုံး ၅၀ ကျော်ကို ဇွန်လ ၈ ရက် နောက်ဆုံးထားဖျက်သိမ်းပေးဖို့ စာထုတ်ပြန်ပြီးတဲ့နောက် ဇွန်လ ၉ ရက်မှာ ဖျက်သိမ်းဖို့ကျန်နေတဲ့နေအိမ်တွေကို ဘူ‌‌ဒိုဇာနဲ့ ဖျက်ဆီးသွားခဲ့ပြီး နောက်ထပ်ကားလမ်းဘေးကပ်လျက်က နေအိမ်နဲ့ ဆိုင်ခန်းတွေကိုတော့ အခုလ ၁၅ ရက်နောက်ဆုံးထားဖျက်သိမ်းဖို့ ထပ်မံအကြောင်းကြားစာထုတ်ခဲ့တာလို့ သိရပါတယ်။

” ပထမတခါက သစ်တောပိုင်မြေကို ကျူးတယ်လို့ပြောတယ်။ ဒါကရွာမြေတွေ။ အခုဆိုမြေ ၁ ကွက်သိန်းထောင်ကြီးဂဏန်းရှိနေပြီ။ အခုကျ စီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး အကုန်ဖျက်ခိုင်းတာ။ မဖျက်ရင်ဘူ‌ဒိုဇာနဲ့ ထိုးဖျက်ပြီး အကုန်ကာသွားတယ်” လို့ ပြင်ဦးလွင်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၂၀၂၅ ကတည်းက ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ပြန်လည်စတင်ဖို့ ပြောခဲ့ပြီးတဲ့နောက် အခုနှစ်ဆန်းပိုင်းက စတင်ကာ ပြည်သူပိုင်မြေနေရာတွေကို စီမံကိန်းမြေ ဆိုကာ ဆက်တိုက်သိမ်းယူနေတာလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။