13 July 2026 12:32 AM

ကြေးနီသယ်ကား လုံခြုံရေးလာယူတဲ့စစ်တပ်က ပြည်သူနေအိမ်တွေကို မွှေနှောက်၊မီးရှို့ ပစ္စည်းတွေယူသွား

0 2
0 2

ဆားလင်းကြီး၊ ဧပြီ ၃၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်း၊ ဂုဏ်တော၊ ဒုန်းတောကျေးရွာတွေမှာ စစ်ကောင်စီ စစ်ကြောင်းက နေအိမ် ၂ လုံးကိုမီးရှို့ပြီး နေအိမ် ၁၀ လုံးထက်မနည်းကို မွှေနှောက်ကာ ပစ္စည်းတွေ ယူသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၂၉ ရက် မနက် ၆ နာရီဝန်းကျင်မှာ ကြေးနီသယ်ဆောင်မယ့်ကားတွေ လုံခြုံရေးအတွက် မုံရွာ(နမခ) ကနေ ဝမ်ပေါင်ကုမ္ပဏီကို ထွက်ခွာလာတဲ့ စစ်ကား ၂ စီးနဲ့ အင်အား ၇၀ ကျော်ပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဝမ်ပေါင်ဆိုက်အနီးရွာတွေက နေအိမ်တွေကိုမီးရှို့ကာ၊ ပစ္စည်းတွေလုယူသွားတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“သူတို့က လာကတည်းကိုက ကားပေါ်ကနေ လမ်းဘေးဝဲ၊ယာကို ပစ်ခတ်ပြီးလာကြတော့ ရွာသားတွေက ပြေးကြတာ။ အဲ့တော့မှ သူတို့က အိမ်တွေတက်မွှေ၊ မီးရှို့တာတွေလုပ်တာ။ ပြီးတော့ ဝမ်ပေါင်ကုမ္ပဏီထဲ ဝင်တယ်။ ကြေးနီသယ်ကားတွေကို လုံခြုံရေးယူပေးပြီး နမခဘက် ပြန်လှည့်သွားကြတာ။ ဒေသခံတွေဆီက ယူသွားတဲ့ပစ္စည်းတွေကိုတော့ နောက်ထပ်ကားတွေနဲ့ သယ်သွားတယ်”လို့ ပြောပါတယ်။

ပုံစာ – စစ်ကောင်စီတပ်မီးရှို့သွားတဲ့ နေအိမ်တချို့။

အဲ့ဒီစစ်ကောင်စီတပ်တွေဟာ ဒုန်းတောကျေးရွာမှ နေအိမ်တလုံးနဲ့ ရေတင်စက်ကို မီးရှို့ခဲ့သလို ဂုဏ်တောကျေးရွာက ကွမ်းခြံတဲနဲ့ ရေတင်စက်တွေကိုလည်း ထပ်မံမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေအိမ်တွေကို မွှေနှောက်ရှာဖွေပြီး တန်ဖိုးရှိပစ္စည်းတွေအပါအဝင် ဆန်အိတ်၊ ဆီပုံး၊ မွေ့ယာ၊ water cooler ၊ air cooler ၊ ပန်ကာစတဲ့ပစ္စည်းတွေကိုပါ ယူဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ဝင်ရောက်လာလို့ အနီးဝန်းကျင်က ကျေးရွာတွေဖြစ်တဲ့ အုံတုံပင်၊ ကျေးစာကျ၊ ဘိန်းနွယ်ချောင်၊ ဂုဏ်တော၊ ဒုန်းတော၊ ကံကုန်း ကျေးရွာတွေက ဒေသခံအများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဆိုပါတယ်။

မုံရွာ(နမခ)ကနေ ဝမ်ပေါင်ကုမ္မဏီအတွက် ကြေးသယ်လမ်းကြောင်း လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ် ဟာ တလမှာ ၁ ကြိမ်ကနေ ၃ ကြိမ်အထိ စစ်ကြောင်းဝင်လေ့ရှိပြီး စစ်ကြောင်းဝင်တိုင်း ဒေသခံတွေရဲ့ နေအိမ်နဲ့ပစ္စည်းတွေကို ဖျက်စီး၊ ခိုးယူတာတွေလုပ်ဆောင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စာတည်း-ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။