ကနီ၊ မေ ၉၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် Starlink အင်တာနက် ယာယီပိတ်သိမ်းထားတယ်လို့ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ကနီမြို့နယ်ကို စစ်ကော်မရှင်တပ်က မေလအတွင်း မြေပြင်စစ်ကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး စစ်ရေးသတင်းတွေကို Starlink အင်တာနက်အသုံးပြုကာ သတင်းပေးနေတာတွေလည်းရှိနေပြီး ဒေသတွင်းပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ ရုံးလုပ်ငန်းသုံး စတားလင့်အင်တာနက်စက်တွေ၊ မဟာမိတ်တပ်ဖွဲ့တွေရဲ့ စတားလင့်အင်တာနက်စက်တွေကလွဲပြီး တခြားစတားလင့်တွေကို မေလ ၈ ရက် ညနေ ၄ နာရီကစပြီး ပိတ်သိမ်းရမယ်လို့ ထုတ်ပြန်ထားတာပါ။
စစ်ကော်မရှင်တပ်က မေလ ၇ ရက်မှာ ကနီမြို့နယ်တွင်းရှိ ကျေးရွာ ၁ ရွာက ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုသမှုခံယူနေတဲ့ လူနာ ၂ ဦး သေဆုံးခဲ့ရပြီး ဒီကနေ့ မေလ ၉ ရက်မှာလည်း ကနီမြို့နယ် အနောက်ခြမ်းကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပါသေးတယ်။
ကနီမြို့နယ်အတွင်းက ကနီ – မင်းကင်း လမ်းပိုင်းမှာလည်း စစ်ကော်မရှင်တပ်က အင်အားသုံးစစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ယင်းမာပင်မြို့နယ်၊ နဘူးတောရွာကို စစ်ကော်မရှင်က အင်အားပြည့်ပါ စစ်ကား ၉ စီးနဲ့ စစ်ကြောင်းထိုးပြီး ကျေးရွာထဲရှိ နေအိမ်တွေကပစ္စည်းတွေကို လှည်း ၃ စီးနဲ့သယ်ကာ ဘန့်ဘွေးပျူစောထီးရွာကို ပို့နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
ယင်းမာပင်ခရိုင်အတွင်းက စစ်ရေးအခြေအနေအရ မုံရွာ – ယာကြီး – ကလေးဝလမ်း၊ မုံရွာ- ယင်းမာပင်လမ်း၊ ညောင်ပင်ကြီး – ယင်းမာပင်လမ်းနဲ့ ဖိုလ်ဝင်တောင် – ယင်းမာပင်လမ်းတွေကိုလည်း ယာယီပိတ်ထားတယ်လို့ ဒီကနေ့ မေလ ၉ ရက် ရက်စွဲနဲ့ ယင်းမာပင်ခရိုင်ပကဖက ထုတ်ပြန်ထားပါတယ်။