မြေလတ်အသံ၊ နိုဝင်ဘာ ၂၃၊ ၂၀၂၅။
ပဲခူးတိုင်း၊ ဇီးကုန်းမြို့က KTV တခုမှာ သောက်စားနေတဲ့ စစ်ကော်မရှင်တပ်သား ၇ ဦးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၇ ဦးစလုံးသေဆုံးပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းခဲ့တယ်လို့ နတ်စစ်သည်အဖွဲ့ဆီက သိရပါတယ်။
အဆိုပါစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ဇီးကုန်းရဲစခန်းနဲ့ ၂ ဖာလုံအကွာ ဇီးကုန်းမြို့နဲ့ ဝက်ကော်ကျေးရွာကြားရှိ ရွှေအရိပ် KTV အခန်းအမှတ် ၃ မှာ သောက်စားနေကြချိန် နိုဝင်ဘာ ၂၂ ရက်ည ၁၁ နာရီကျော်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
“ပစ်သတ်တဲ့ ၇ ဦးမှာ ရာထူးကတော့မသိဘူးဗျ။ သူတို့က ဇီးကုန်းရဲစခန်းက ကောင်တွေပါ။ KTVမှာ ပျော်ပါးနေကြတာ။ ပုံတောင်မရိုက်ခဲ့ရဘူးဗျ။ ချက်ချင်းပြန်ဆုတ်ခဲ့တာ “လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့ တပ်ခွဲမှူးကပြောပါတယ်။
ဒီပစ်ခတ်မှုအတွင်း စစ်သား ၇ ဦးလုံးသေဆုံးခဲ့ပြီး G 3 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆန် ၈၀၊ အီကွေ့မန့် ၂ ခု၊ ဓား ၃ လက်၊ လက်ထိပ် ၁ ခုတို့ကိုသိမ်းဆည်းပြီး ချက်ချင်း ပြန်ဆုတ်ခဲ့ကြတယ်လို့ သူကဆိုပါတယ်။
သေနတ်ပစ်ခတ်မှုဖြစ်စဥ်မှာ အဲ့ဒီ KTV မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး ၂ ဦးလည်း သေနတ်ကျည်ထိမှန်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” စစ်သား ပျူ ရဲ ၅ ယောက်က ပွဲချင်းပြီးသေတယ်၊ ၁ ယောက်က ပြည်ဆေးရုံကို အရေးပေါ်ပို့ရတယ်။ KTV က ကောင်မလေး ၂ ယောက်လည်း သေတယ်” လို့ ဇီးကုန်းမြို့ခံတဦးက ပြောပါတယ်။
စစ်ကော်မရှင်လက်အောက်တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြန်လည်ပစ်ခတ်နိုင်တာမျိုးမရှိဘဲ တော်လှန်ရေးတပ်တွေဘက်က ဦးနှိမ်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်ချိန်မှာ KTV ခန်းအတွင်း အမျိုးသမီး ၂ ဦးလည်း ရှိနေတယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့ တပ်ခွဲမှူးကပြောပါတယ်။
“ကောင်မလေးတွေပါသေတာ ဖြစ်နိုင်ပါတယ်။ သူတို့အခန်းထဲမှာ အဲ့ကောင်မလေးတွေနဲ့အတူ ရှိတော့လည်း ကျနော်တို့ဘက်က ဘယ်လိုမှရှောင်တိမ်းချိန်မရဘူးလေ။ သူတို့ဘက်က လုံးလုံး ပြန်မပစ်နိုင်ဘူး။ ကျနော်တို့ဘက်က ဦးနှိမ်ပစ်ခတ်နိုင်ခဲ့တယ်”လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့ တပ်ခွဲမှူးကပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို နတ်စစ်သည်တပ်ဖွဲ့နဲ့ ကြို့ပင်ကောက် BTZM တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် အဲ့ဒီ KTV ကို ဇီးကုန်မြို့မရဲစခန်းက စစ်ကော်မရှင်တပ်သားတွေနဲ့ ရဲတပ်သားတွေ ကား၂ စီးနဲ့ရောက်ရှိလာပြီး KTV ကို ပိတ်ကာ စစ်ဆေးမှုပြုလုပ်ခဲ့ကြတယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့ တပ်ခွဲမှူးကပြောပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – HP


