မြင်းခြံ၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၅။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၁ ရက်မနက် ၅ နာရီကျော်ခန့်မှာ ပျူစောထီးနဲ့စစ်ကော်မရှင်တပ်အင်အား ၁၀၀ ကျော်ရှိနေတဲ့ဆုံရွာကို ဒေသခံကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ တိုက်ပွဲ ၂ နာရီကျော်ကြာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“အချို့ကလေးတွေအတွက် စျာပနလုပ်နေတာရှိတယ်။ ကျတာလည်းရှိတယ်။ ဒဏ်ရာရတာလည်း ရှိတယ်။ ကျတာက လေယာဥ်ဗုံးချတဲ့ဟာမှာ ထိတာ။ ဖိုက်တာနဲ့လာကြဲတာ၊ ၈ ယောက်လောက်ကျ သွားနိုင်တယ်။ ဒဏ်ရာရတဲ့ဟာကရှိတော့ရှိတယ်။ ဟိုလိုကြီး တအားအလွန်အကျွံကြီးတော့မဟုတ်ဘူး။ ကျန်တာတော့ စိစစ်နေကြတုန်းပါ”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှိအချိန်ထိ ကျဆုံး ဒေသကာကွယ်ရေးအဖွဲ့ဝင် ၆ ဦးအတည်ပြုနိုင်ပြီး ထိခိုက်ဒဏ်ရာရသူအချို့ကိုလည်း ဆေးကုသမှုပြုလုပ်ပေးနေကာ ပျုစောထီးနဲ့စစ်ကော်မရှင်ဘက်က ထိခိုက်မှုအခြေအနေတွေကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းလက်နက်အချို့ ကျန်ရစ်တာရှိခဲ့ပြီး ထိခိုက်ကျဆုံးသူတွေရဲ့ တပ်ဖွဲ့နဲ့နာမည်တွေကတော့ စစ်ရေးအခြေနေတွေအရ လတ်တလောထုတ်ပြောဖို့အဆင်မပြေသေးဘူးလို့ အထက်ပါ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကော်မရှင်ထောက်ခံတယ်လီဂရမ်တွေမှာတော့ ဆုံရွာကျေးရွာကိုလာတိုက်တဲ့ PDF အဖွဲ့တွေ ၈ ဦး သေဆုံးခဲ့ပြီး အလောင်းတွေကိုပြန်မသယ်နိုင်တဲ့အတွက် မီးရှို့ပေးနေရတယ်လို့ ရေးသားကာ သိမ်းမိတဲ့ လက်နက်ပုံတွေကိုလည်း ဖော်ပြထားတာကို တွေ့ရပါတယ်။
ဒီဇင်ဘာ ၃ ရက်ကလည်း ချောင်းဦးမြို့ပေါ်ဆေးကုဖို့သွားတဲ့ မြင်းခြံအခြေစိုက် ဒေါင်းနီ LPDF ခေါင်းဆောင်ပါ ၄ ဦးကိုစစ်ကော်မရှင်အဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စာတည်း – လင်း





















