မြေလတ်အသံ၊ ဇွန် ၆၊ ၂၀၂၆။
ပြည်သူ့စစ်မှုထမ်းနှစ်ပြည့်မြောက်ပြီးလို့ ပြန်လည်ရောက်ရှိလာသူ စစ်မှုထမ်းစစ်သားတွေကို ကြိုဆိုပွဲပြုလုပ်ခဲ့တယ်လို့ အသွင်ပြောင်းမကွေးတိုင်းအစိုးရအဖွဲ့က ဇွန်လ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁ နဲ့ ၂ အတွက် မကွေးတိုင်းကနေ ပို့ဆောင်လိုက်တဲ့သူတွေထဲက စစ်မှုထမ်းနှစ်ပြည့်ပြီး ပြန်လည်ရောက်ရှိလာသူ ၃၁၆ ဦးရှိကာ အဲ့ဒီစစ်မှုထမ်းစစ်သားဟောင်းတွေကို မကွေးတိုင်းဝန်ကြီးချုပ် ဦးတင်ကိုကို ဦးဆောင်ပြီးကြိုဆိုပွဲပြုလုပ်ခဲ့တာပါ။
အသွင်ပြောင်းမကွေးတိုင်းအစိုးရအဖွဲ့ဟာ စစ်မှုထမ်းသင်တန်းအပတ်စဥ် ၁ ကနေ လက်ရှိဖွင့်လှစ်ဆဲ အပတ်စဥ် ၂၅ အထိ မကွေးတိုင်းကနေ စစ်မှုထမ်းသင်တန်းသား ၁၀,၇၆၅ ဦး ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့ အဲ့ဒီကြိုဆိုပွဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အထက်ပါကိန်းဂဏန်းတွေအရ စစ်မှုထမ်းသင်တန်းအပတ်စဥ် ၁ ခုအလိုက် မကွေးတိုင်းကနေ ပို့ဆောင်တဲ့ ပြည်သူ့စစ်မှုထမ်းအင်အားဟာ ပျမ်းမျှ ၄၀၀ ဦးကျော်ရှိနေပြီး စစ်မှုထမ်းအပတ်စဥ် ၁ နဲ့ ၂ ကို မကွေးတိုင်းကနေ စစ်မှုထမ်းဖို့ပို့ဆောင်လိုက်တဲ့ လူဦးရေဟာ ၈၀၀ ကျော်အထိ ရှိနေတာပါ။
အခု အသွင်းပြောင်းမကွေးတိုင်းအစိုးရကပြုလုပ်တဲ့ နှစ်ပြည့်ပြီး ပြန်လည်ရောက်ရှိလာတဲ့ စစ်မှုထမ်း စစ်သားဟာ အပတ်စဥ် ၂ ခုပေါင်း ၃၁၆ ဦးသာရှိတာကြောင့် လူ ၅၀၀ ကျော် ၃ ပုံ ၂ ပုံခန့် လျော့နည်းနေတာလည်း ဖြစ်ပါတယ်။
အပတ်စဥ် ၁ ၊ ၂ ဆင်း စစ်မှုထမ်းစစ်သားတွေ ၂၀၂၄ အတွင်း သင်တန်းဆင်းပြီးနောက် မကွေးတပ်နယ်ကို ရောက်ရှိလာပြီး သေဆုံးမှုများပြားခဲ့ကြောင့် မကွေးတပ်နယ်နဲ့နီးစပ်သူတဦးက အခုလို ပြောပါတယ်။
” အဲ့ဒီတုန်းက ၈၈(တပ်မ) ကချင်ပြည်နယ်ထဲ ဝင်နေတဲ့အချိန်။ ပစ(ပြည်သူ့စစ်မှုထမ်း)တွေ သင်တန်းဆင်းရောက်လာကာစ ၃၁၇ (တပ်မ ၈၈ လက်အောက်ခံ မကွေးအခြေစိုက်တပ်ရင်း) ထဲမှာ အရင်စုထားတာ။ ပြီးတော့ ရှေ့တန်းပို့တာ တော်တော်များများသေကြတာပဲ။ သူတို့မပြောနဲ့ ၃၁၇ က သန္ဓေ(စစ်သား)တွေတောင် အများကြီးကျ(သေ)ကြတာ” လို့ သူက ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခင်စစ်ကောင်စီက ၂၀၂၄ ဖေဖော်ဝါရီလမှာ အတည်ပြုပြီးနောက် ဧပြီလမှာ အပတ်စဥ် ၁ သင်တန်းကို စတင်ခဲ့ပြီး သင်တန်းအပတ်စဥ် ၁ ခုကို လူဦးရေ ၅,၀၀၀ နဲ့ နိုင်ငံအနှံ့သင်တန်းကျောင်းတွေမှာ ဖွင့်လှစ်ခဲ့တာပါ။
လက်ရှိမှာ စစ်မှုထမ်းအပတ်စဥ် ၁ နဲ့ ၂ ဟာ စစ်မှုထမ်းကာလ ၂ နှစ်ပြည့်မြောက်ပြီဖြစ်ပြီး နှစ်ပြည့်ပြီးသူတွေကို နေရပ်ပြန်ခွင့်ပေးနေကြောင်း စစ်တပ်ကဖော်ပြနေပေမယ့် ပြည်သူ့စစ်မှုထမ်းစစ်သားတွေအပေါ် စုဆောင်းရရှိမှုနဲ့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရမှု အရေအတွက်တွေကိုတော့ ရှင်းရှင်းလင်းလင်းဖော်ပြတာမရှိပါဘူး။
စစ်မှုထမ်းအပတ်စဥ် ၁ ခုချင်းအလိုက် သင်တန်းသားအင်အားပြည့်မီဖို့ စစ်အစိုးရက ၎င်းတို့အဓိက ထိန်းချုပ်ထားနိုင်တဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ စတဲ့တိုင်းဒေသကြီးတွေရဲ့ မြို့ကြီးတွေကနေ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာအပါအဝင် အဓိကပစ်မှတ်ထား စုဆောင်းခဲ့တာလည်း ဖြစ်ပါတယ်။
တည်းဖြတ် – M







