မြေလတ်အသံ၊ ဇန်နဝါရီ ၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကရွာတွေကို စစ်ကော်မရှင်တပ်က ၁ လအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးတွေအပါအဝင် အမျိုးသမီး၊ အမျိုးသား ၂၆ ဦး သေဆုံးခဲ့ပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းအခြေအနေတွေကိုဖော်ပြနေတဲ့ Wetlet Informational Network က ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းဟာ ဒီဇင်ဘာ ၂ ရက်ကနေ ၃၁ ရက်အထိ ကျေးရွာ ၁၄ ရွာထက်မနည်းကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ သေဆုံး၊ ဒဏ်ရာရသူအရေအတွက်ကို စုစည်းထားတာလို့ ဆိုပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂၆ ဦးမှာ နတ်မှော်ဦးရွာက ၅ ဦး၊ ထုံးကြီးရွာက ၄ ဦး၊ ဆည်တောရွာက ၅ ဦး၊ ငါးပတ်ချောင်းရွာမှ ၇ ဦး၊ လိင်ပင်ရွာက ၃ ဦး၊ သစ်ဆိမ့်ရွာက ၂ ဦး တို့ဖြစ်ကြပါတယ်။

“စ**တွေဖက်က ဝက်လက်နယ်ကို PDF တွေမထိန်းချုပ်နိုင်ဖို့နဲ့ သူတို့ထိန်းချုပ်နိုင်ဖို့အတွက် အခုလိုဗုံးကြဲတာ လို့ယူဆပါတယ်။ ကြဲတာက တိုက်ပွဲမရှိတဲ့နေရာတွေပဲ အကြဲခံရတာ။ ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးဖို့နဲ့ လေကြောင်းသတိ အမြဲမပြတ်ရှိနေဖို့လိုတယ်”လို့ ဝက်လက်ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
သေဆုံးသူတွေဟာ အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား ၁၁ ဦးဖြစ်ပြီး အဲဒီထဲမှာ အသက် ၂ နှစ်နဲ့ ၄ နှစ်ကလေးငယ် ၃ ဦး၊ အသက် ၈၀ အရွယ်အမျိုးသား ၁ ဦးနဲ့ ၇၀ အရွယ်အမျိုးသမီး ၁ ဦးတို့ ပါဝင်ကြပါတယ်။

စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်တာနဲ့ မြေပြင်ကနေပါစစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
လက်ရှိအချိန်ထိ ဝက်လက်မြို့နယ်ကို ဝင်ရောက်နေတဲ့စစ်ကြောင်းကြောင့် ထုံးဘို၊ ရှားကွဲ၊ ရေဂမိုး၊ ရွာသစ်၊ လှေပို့ဆိပ်၊ သစ်ဆိပ့်၊ ကူကြီး၊ ငါးပတ်ချောင်း၊ သရက်ပင်ရွာ၊ ရေလည်မော်၊ မှော်ဦး၊ ကမ်းဖြူ၊ ရွာသာ၊ မင်းရွာတောင်၊ အင်ဒေါင်း၊ ရှိမ်းမကား၊ ငါးရယ်၊ ဆည်တော၊ ငါးတိုက်တောင်စတဲ့ ကျေးရွာတွေက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စာတည်း – လင်း










