ကမ္မမှာလက်နက်ကြီးထိလို့ အမျိုးသား ၁ ဦးသေဆုံးပြီး နေအိမ် ၁၀ လုံးကျော်မီးရှို့ခံရ

0 13
0 13

ကျော်ကြီး၊ ဒိန်းဂျား

ပခုက္ကူ၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ အမှတ် ၁ ရပ်ကွက်ထဲကို စစ်ကော်မရှင်တပ်တွေပစ်တဲ့ လက်နက်ကြီး ထိမှန်တာကြောင့် ဒေသခံ ၁ ဦးသေဆုံးတဲ့အပြင် နေအိမ်တွေလည်းမီးရှို့ခံခဲ့ရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မနက် ၉ နာရီခန့်မှာ ပခုက္ကူ တပ်မ ၁၀၁ က ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကော်မရှင်စစ်ကြောင်းဟာ မြိုင်ဘက်ကနေ ကမ္မမြို့ရဲစခန်းကို ရောက်လာပြီးနောက် လက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့် အသက် ၅၄ နှစ်အရွယ် ဦးပုဆိန်ဆိုသူ နေရာမှာသေဆုံးပြီး ဇနီးဖြစ်သူ ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

” ၆၀ မမ ၁ လုံးတည်းပစ်တာ။ ရွာသစ်ရပ်ကွက်ထဲက ထရံရက်နေကြတဲ့ လင်မယားနေအိမ်ပေါ် ကျတယ်။ အမျိုးသားက ပွဲချင်းပြီးသေဆုံးပြီးတော့ အမျိုးသမီးက ပြင်းထန်ဒဏ်ရာရတယ်။ မနေ့က စျေးတောင် ဘက်နေအိမ်တွေ မီးရှို့တယ်။ ဒီမနက်လည်း မီးထပ်ရှို့တယ်။ “လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

မနေ့ကစစ်ကြောင်းဝင်လာချိန်မှာ ကမ္မစျေးတောင်ဘက်ကနေအိမ် ၇ လုံးကို မီးရှို့ခဲ့တဲ့အပြင် ဒီမနက်ပိုင်းမှာ အဲ့ဒီစျေးတောင်ဘက်က နေအိမ် ၅ လုံးကိုမီးရှို့ကာ ၄ မိုင်အကွာရှိ မြစ်ခြေမြို့နယ်၊ ဆားကျင်းကုန်းကျေးရွာကို စစ်ကြောင်းထိုးမီးရှို့ပြီးနောက် ရဲစခန်းထဲကို ပြန်ဆုတ်လာကြတယ်လို့ သိရပါတယ်။

“အခုမနက် ၁၀ နာရီဝန်းကျင်ကလည်း ကမ္မမြို့ဈေးရဲ့တောင်ဘက်က နေအိမ်တွေကို မီးတွေရှို့နေတယ်၊ ပြည်သူနေအိမ်တွေကို မီးရှို့သွားတာ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်တယ်ဆိုပြီး မီးရှို့သွားတာ၊ ကမ္မမြို့ပေါ်အခြေအနေက ကပ်ကြည့်လို့မရသေးဘူး၊ စစ်ကြောင်းက ရုတ်တရက်ဝင်ချလာတာ၊ မီးရှို့ပြီး ကမ္မမြို့ ရဲစခန်းထဲကို ပြန်ဝင်သွားတယ်။“ လို့ ကမ္မမြို့ခံတဦးက ပြောပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းက လက်နက်ကြီးပစ်၊ မီးရှို့နေလို့ ကမ္မမြို့ပေါ်ရပ်ကွက်နေသူတွေနဲ့ ဆားကျင်းကုန်း၊ ချောင်းဦး၊ ရေမျက်၊ ရွာသာအေး၊ ပြည့်အိုင်၊ ရေလာကြီးကျေးရွာတွေက ပြည်သူ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ မေ ၂ ရက်ကလည်း ပခုက္ကူမြို့နယ်၊ မီးသွေးကန်ကျေးရွာမှာ စစ်ကော်မရှင်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးငယ် ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။