မြေလတ်အသံ၊ သြဂုတ် ၂၆၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို စစ်ကော်မရှင်တပ်က တိုက်လေယာဥ်၊ ပါရာမော်တာတွေနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် G-12 ကျောင်းသူ ၁ ဦးနဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသား ၂ ဦး ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။
ဩဂုတ် ၂၆ ရက် ဒီကနေ့ နေ့လယ် ၃ နာရီခန့်မှာ မုံရွာ(နမခ)က ပျံသန်းလာတဲ့ စက်တပ်လေထီး(ပါရာမော်တာ)၁ စီးဟာ ဘုတလင်-အရာတော်လမ်းပိုင်းနံဘေးရှိ တောင်ကလပ်ဘုန်းကြီးကျောင်းအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်နေတဲ့ အသက် ၂၀ ဝန်းကျင် မိန်းကလေး သေဆုံးခဲ့တာလို့ ဆိုပါ တယ်။

“ပါရာမော်တာက ညနေ ၃ နာရီမှာ လာပစ်တယ် အသက် ၂၀ အရွယ်အမျိုးသမီးလေး ဆုံးတယ်။ ဘုတလင်နဲ့ အရာတော်လမ်းအနီး ဘုန်းကြီးကျောင်းတကျောင်းမှာစစ်ရှောင်ရင်း သေဆုံးသွားတာ”လို့ ဘုတလင်မြို့နယ်ရပ်ကျေးပအဖအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
သေဆုံးသွားတဲ့မိန်းကလေးဟာ ဘုတလင်မြို့နယ်၊ ပဲပြစ်တောအရှေ့ရွာကဖြစ်ပြီး အဲ့ဒီရွာကို ဒီကနေ့ မနက် ၆ နာရီလောက်မှာ အင်အား ၁၀၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းဝင်ရောက်လာတာကြောင့် ကျေးရွာကနေထွက်ပြေးလာစဥ် နေ့လယ်ပိုင်းမှာ လေကြောင်းဗုံးစထိမှန် သေဆုံးခဲ့တာပါ။

ဒါ့အပြင် ဒီကနေ့ ညနေ ၅ နာရီခန့်မှာ ဘုတလင်မြို့နယ်၊ သခွတ္တနယ်ရွာကို တိုက်လေယာဥ် ၂ စီးနဲ့ ထပ်မံဗုံးကြဲခဲ့ရာ ကျေးရွာတွင်းနေအိမ်တွေကို ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၁၈ နဲ့ ၂၂ နှစ်အရွယ် အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
” ကလေးတွေက ဆီဆိုင်မှာအလုပ်လုပ်ကြတာ၊ စျေးထဲလာပစ်တာ။ အလောင်းက အစနပဲလိုက်ကောက်ရတဲ့အနေထားထိဖြစ်သွားတာ” လို့ အထက်ပါရပ်ကျေးပကဖအဖွဲ့ဝင်က ဆိုပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ ပဲပြစ်တောအရှေ့ရွာကိုဝင်ရောက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ လက်ရှိအထိ အဲ့ဒီရွာမှာပဲ ဆက်လက်တပ်စွဲထားကာ စစ်ကြောင်းကြောင့် ပဲမြစ်တောအရှေ့ရွာ၊ အနောက်ရွာ၊ နတ်ရွာ၊ တလိုင်း၊ ရွာသာ၊ အုတ်ဖို၊ မြောက်ကျည်၊ ကျို့ကုန်း၊ ဆိပ်သာကန် စတဲ့ကျေးရွာများက ပြည်သူ ၇,၀၀၀ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ