ကန့်ဘလူ၊ ဇူလိုင် ၁၇၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာအနီး ကာဘိုး-ကျီကုန်းလမ်းပေါ်မှာ ပိုက်ဆံကောက်ထွက်လာတဲ့ စစ်ကော်မရှင်အဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးသေတယ်လို့ ကန့်ဘလူမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့မနက် ၆ နာရီခွဲခန့်က ကာဘိုးကျေးရွာ ပျူစောထီးစခန်းကနေ အင်အား ၂၀ ကျော်နဲ့ထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ကြာ တိုက်ပွဲဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။
“ကာဘိုးကနေ ကျီကုန်းလမ်းပိုင်းမှာ ဆက်ကြေး ကောက်နေသူတွေ ရှိတယ်။ သူတို့က ဒေသခံခရီးသွားတွေက အဲဒီလမ်းကနေသွားတာဆိုတော့ ပိုက်ဆံကောက် ထွက်လာတာ။ မျက်မြင်ကတော့ လဲကျသေဆုံးတာ တွေ့ရတယ်။ လက်နက်တွေက အကုန်မကောက်နိုင်ဘူး”လို့ ကန့်ဘလူမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုအတွင်းစစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့ကာ ပူးပေါင်းတပ်ဘက်ကထိခိုက်သူမရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်အဖွဲ့တွေကိုင်ဆောင်တဲ့ G3 ၁ လက်၊ ကာဘိုင် ၁ လက်၊ စကားပြောစက် ၁ လုံးသိမ်းစီးရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ကန့်ဘလူ ခရိုင် ပကဖ တပ်ခွဲ ၄၊ တပ်ခွဲ ၅၊ ကာဘိုးတိုက်နယ် ပကဖ၊ ဇီးကုန်းတိုက်နယ် ပကဖ၊ စစ်ကိုင်းတိုင်း ပကဖ၊ ကန့်ဘလူခရိုင်တပ်ရင်း ၄ နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက စုပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလ ၃၀ ရက်နေ့မှာလည်းကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘိုကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကော်မရှင်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးခဲ့သေးတယ်လို့သိရပါတယ်။