ဖြူး၊ ဇူလိုင် ၃၀၊ ၂၀၂၅။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာတိုက်ပွဲအတွင်းမှာ ကလေး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
ဇွန် ၂၉ ရက်မနက် ၂ နာရီခန့်မှာ ကျေးရွာအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို ဖြူးပကဖ ပူးပေါင်းတပ်တွေဘက်က လာရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်ခဲ့ရာ နှစ်ဖက်လက်နက်ကြီး ပစ်ခတ်တာရှိသလို စစ်ကောင်စီဘက်က လေကြောင်းကနေလာရောက်ဗုံးကြဲတာတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
“နှစ်ဖက်ပွဲကနေချိန်မှာ စကစဘက်က လေကြောင်းအကူအညီတောင်းတဲ့အချိန်မှာ လာကြဲသွားတာလည်းပါတယ်။ အစမှန်တဲ့ဒဏ်ရာများတယ်။ ဗုံးကြဲစတွေနဲ့ လက်နက်ကြီးစမှန်တာတွေ ရှိတယ်”လို့ ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။



လေကြောင်းကနေကြဲတဲ့ ဗုံးပေါက်ကွဲစတွေနဲ့ လက်နက်ကြီးစတွေမှန်တာကြောင့် အသက် ၇ နှစ်အရွယ် မောင်ဇွဲပြည့်၊ အသက် ၃၀ ကျော်အရွယ်အမျိုးသမီး ၁ ဦး၊ ၃၅ နှစ်အရွယ် ဒေါ်သီတာဦး နဲ့ ၅၆ နှစ်အရွယ် ဒေါ်ခင်အေးစုတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကလေးငယ် ၄ ဦးအပါအဝင် အမျိုးသမီး၊ အမျိုးသား ၄၅ ဦးခန့်ဒဏ်ရာခဲ့ကာ စောင့်ကြည့်ကုသရမယ့်အခြေအနေကြောင့် ဆေးရုံမှာကုသမှုခံယူနေရသူ ကလေးငယ် ၃ ဦးအပါအဝင် ၂၀ ဦးခန့်ရှိနေသေးပြီး ကျန်သူတွေကတော့ ဆေးရုံကနေ နေအိမ်ပြန်သွားကြပြီလို့ သိရပါတယ်။
ဆေးရုံမှာကုသဆဲ လူနာတွေအနက် ၇ လသားအရွယ်ကလေးငယ် အပါအဝင် ၅ ဦးက စိုးရိမ်ရအခြေအနေရှိပြီး ကျန်သူတွေကတော့ ဦးခေါင်း၊ လက်၊ ခြေထောက်၊ ခန္ဓာကိုယ်တွေမှာ အစမှန်ဒဏ်ရာတွေရထားကြတာလို့ ဆိုပါတယ်။


ဝဲဒေါင့်ဝဲကြီးကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၅ နာရီခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးကာ ရန်ကုန်တိုင်းပကဖ အဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ဖြူးပကဖအဖွဲ့ဝင်တဦးဒဏ်ရာရတယ်လို့ ဖြူးပကဖကထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ဖြူးပကဖထံကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာမျိုးမရှိပါဘူး။
အဆိုပါ တိုက်ခိုက်မှုကို ဖြူးမြို့နယ်ပကဖ၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့(၃)၊ ဧရာဝတီအမှတ်(၃)တပ်ရင်းနှင့် အာဠာဝကစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဇွန် ၂၅ ရက်ကလည်း ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်တွေအတွင်းက ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့စခန်း ၉ ခုကို တပြိုင်နက် တိုက်ခိုက်ခံရပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးကာ ရဲအုပ် ၁ ဦးအပါ စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၁ ဦး သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။
စာတည်း – လင်း