စစ်တပ်က အင်အား ၁,၅၀၀ ဝန်းကျင်နဲ့ထိုးစစ်ဆင်နေလို့ NUG တပ်တွေသိမ်းထားတဲ့ ကလေးမြောက်ပိုင်းက စခန်း ၅ ခု ပြန်ပေးလိုက်ရ​

0 17
0 17

မြေလတ်အသံ၊ အောက်တိုဘာ ၂၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက် PDF တပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ စခန်း ၅ ခုကို ပြန်လည်လက်လွှတ်ခဲ့ရတယ်လို့ မြေပြင်အခြေအနေကိုသိရှိသူတွေက ပြောပါတယ်။

ပြန်လက်လွှတ်လိုက်ရတဲ့စခန်းတွေဟာ ကလေးမြောက်ပိုင်းက ကံကြီး၊ ကံသာယာ၊ နန်းစောင်းပု၊ ရာဇဂြိုလ်ကျေးရွာတွေက စခန်း ၄ ခုနဲ့ လက်ပံချောင်းရဲစခန်းဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်မှာ တော်လှန်ရေးတပ်တွေကဆုတ်ခွာပေးလိုက်ရကာ လက်ရှိအဲ့ဒီနေရာတွေမှာ စစ်ကော်မရှင်တပ်​သားတွေ ပြန်လည်အထိုင်ချထားပြီလို့ ဆိုပါတယ်။

ပုံစာ – တော်လှန်ရေးတပ်တွေလက်လွှတ်လိုက်ရတဲ့စခန်းတချို့နဲ့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ လက်ပံချောင်းရွာဒေသခံများ။

” စခန်းတွေက တပြိုင်နက်လက်လွှတ်လိုက်ရတာမဟုတ်။ အရင်ဆုံး ကံသာယာပေါ့။ ပြီးမှ တခုပြီး​တခုပေးလိုက်ရတာ။ သူတို့က လက်နက်၊ လူအင်အားသာတာကိုး” လို့ ကလေးဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကော်မရှင်တပ်က ကလေး-တမူး အာရှကားလမ်းမကို အပြည့်အဝထိန်းချုပ်နိုင်ရေး ဇွန်လကစတင် စစ်ကြောင်းထိုး ထိုးစစ်ဆင်နေတာဖြစ်ပြီး ၃ လကျော်အကြာ လက်ရှိထိုးစစ်မှာ စစ်အင်အား ၁,၅၀၀ ခန့်ပါဝင်တာကြောင့် အခုလိုလက်လွှတ်ခဲ့ရတာလို့ သူက ဆိုပါတယ်။

စစ်ကော်မရှင်တပ်ကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တွေ အခိုင်အမာခံစစ်ယူထားတဲ့ ကံသာယာရွာကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွ ရေးသားဖော်ပြထားပြီး လက်လွှတ်ခဲ့ရတဲ့ စခန်းတွေမှန်ကန်ကြောင်း PDF တပ်ဖွဲ့တင်တွေကလည်း အတည်ပြုပါတယ်။

NUG လက်အောက် PDF တပ်တွေက ရာဇဂြိုလ်စခန်းနဲ့ လက်ပံချောင်းရဲစခန်းတွေကို ၂၀၂၃ နိုဝင်ဘာလ၊ ကံကြီးနဲ့ကံသာယာစခန်းကို ၂၀၂၄ ဖေဖော် ဝါရီလ၊ နန်းစောင်းပုစခန်းကို ၂၀၂၅ စက်တင်ဘာလတွေမှာ အသီးသီးတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး ရာဇဂြိုလ်နဲ့လက်ပံချောင်းခစန်းတွေကို ၂ နှစ်ခန့်ကြာ ထိန်းချုပ်နိုင်ခဲ့တာပါ။

ဒီကနေ့ အောက်တိုဘာ ၂၁ ရက်မှာ စစ်ကော်မရှင်တပ်က မြစိမ်းနဲ့ မော်စီကျေးရွာတွေကို ဝင်ရောက်ပြီး လူနေအိမ်တွေ မီးရှို့ဖျက်စီးနေသလို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း နေ့စဥ်တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကလေးမြောက်ပိုင်း ကျေးရွာ ၁၄ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

” အိန္ဒိယ ချစ်ကြည်ရေးလမ်းပြန်ရဖို့ အင်အား ၁,၅၀၀ခန့်နဲ့ ** ဘက်က အကြိတ် အနယ် စစ်ကြောင်းထိုးနေပါတယ်။ ၃ လကြာပြီ ထိုးနေတာ။ တိုက်ပွဲကတော့ နေ့တိုင်း၊ နေ့ညပါပဲဖြစ်နေတာ” လို့ နောက်ထပ်မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ထွက်ပြေးနေကြရတဲ့ ကျေးရွာတွေကတော့ ကံကြီး၊ ကံသာယာ၊ ၅၆ မိုင်၊ လက်ပံချောင်း၊ပြည်တော်သာ၊ ပျဉ်းခုံကြီး၊ ပျဉ်းတောဦး၊ ရာဇဂြိုလ်၊ မြစိမ်း၊ မြလင်း၊ မောက်လင်း၊ လက်ပံချောင်း၊ ရန်မျိုးအောင်၊ နန်းစောင်းပု စတဲ့ကျေးရွာတွေဖြစ်ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပုံစာ – တော်လှန်ရေးတပ်တွေလက်လွှတ်လိုက်ရတဲ့စခန်းတချို့နဲ့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ လက်ပံချောင်းရွာဒေသခံများ။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။