13 July 2026 1:11 AM

ကလေးမြို့နယ်က စစ်ရှောင်တွေ ဆေးဝါးနဲ့ အမိုးအကာအရေးပေါ်လိုအပ်နေ

0 10
0 10

ကလေး၊ နိုဝင်ဘာ ၃၊ ၂၀၂၅။

စစ်ကြောင်းထိုးမီးရှို့ခံနေရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စစ်ဘေးရှောင်တွေ နေထိုင်ဖို့အခက်တွေ့နေပြီး အမိုးအကာ၊ စောင်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၄ ရက်ကစတင်ကာ နေ့စဥ်နီးပါးမိုးသည်းထန်စွာရွာသွန်းနေပြီး ရာသီဥတုကလည်း ပိုမိုအေးလာတာကြောင့် နေထိုင်ရေးခက်ခဲနေကြတဲ့အပြင် ဖျားနေသူတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

“မိုးတအားရွာတော့ ဖျားပြီးသားသူတွေတောင် နလန်မထူနိုင်သေးခင်ပေါ့ဗျာ။ အဓိကကတော့ စောင်လိုအပ်မှု အရေးပေါ်ဖြစ်လာတာပေါ့။ စစ်ရှောင်တဲ့ပြည်သူဟာ လူနေမှုသိပ်သည်းတဲ့အတွက်ကြောင့် လုံလုံလောက်လောက်မလုပ်ပေးနိုင်သေးတာ။ ကျန်းမာရေးစောင့်ရှောက်မှုကတော့ လက်လှမ်းမှီသလောက် လုပ်ပေးနေကြပါတယ်”လို့ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ အဖွဲ့ဝင်တဦး ဆိုပါတယ်။

လမ်းတွေပျက်စီးတာကြောင့် သွားလာရေးအဆင်မပြေတာ၊ မိုးမလုံတဲ့နေရာတွေမှာ နေထိုင် နေကြရတာကြောင့် ဖျားနေသူတွေရှိနေတဲ့အတွက် မသန့်ရှင်းတဲ့ရေတွေကို သုံးစွဲ၊ သောက်သုံးနေကြရတာကြောင့် ယားနာရောဂါဖြစ်နေသူတွေလည်းရှိနေတယ်လို့ စစ်ရှောင်တွေကိုကူညီနေသူတဦးက ပြောပါတယ်။

ကလေးမြို့နယ်မြောက်ပိုင်းကျေးရွာတွေကို စက်တင်ဘာပထမအပတ်ကတည်းက အင်အား ၁,၅၀၀ ဝန်းကျင်နဲ့ဝင်ရောက်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၂၇ ရက်ကစလို့ ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာတွေကိုလည်းစစ်ကြောင်းဝင်လာတဲ့အတွက် နှစ်ရှည်စစ်ရှောင်တွေလည်း ထပ်မံတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာကလေးမြို့နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းရှိ ကျေးရွာ ၁၀၀ ကျော်က ဒေသခံ ၁ သိန်းကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၇ ရက်ကစလို့ ကျွန်းချောင်း၊ ထောက်ကြံ့၊ နတ်မြောင်း၊ နတ်ချောင်း၊ ဟားခါးလေးနဲ့ ခွေးကျင်ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးမှုတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကြောင်းက ကလေးမြို့နယ် မြောက်ပိုင်းကကျေးရွာတွေနဲ့ တောင်ပိုင်းက ခွေကျင်၊ နတ်ချောင်း၊ နတ်မြောင်း၊ ထောက်ကြံ့ စတဲ့ရွာတွေမှာ ဖြန့်ပြီး တပ်စွဲနေကြကာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ နေ့စဉ်နီးပါးတိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။