UFC အဆင့်သတ်မှတ်ချက်ထဲဝင်အောင် ထိုးသတ်နိုင်မလား စောင့်ကြည့်ရမယ့် ဗန် (အားကစားသတင်း)

0 27
0 27

မြေလတ်အသံ၊ ဒီဇင်ဘာ ၇၊ ၂၀၂၄။

ဒီဇင်ဘာ ၈ ရက် မနက်အစောပိုင်း အမေရိကန်နိုင်ငံ၊ လပ်ဗီးဂက်စ်မြို့မှာ ကျင်းပသွားမယ့် UFC 310 ပြိုင်ပွဲမှာ ဂျော့ရှုဝါဗန်ဟာ ပြိုင်ဘက် ကိုဒီဒါဒန်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ 

ဗန်ဟာ ၂၀၂၄ ခုနှစ်အတွင်း UFC ရဲ့အဆင့်သတ်မှတ်ချက်အတွင်းဝင်အောင် ထိုးသတ်ဖို့အားခဲထားပြီး ပြီးခဲ့တဲ့ UFC 306 မှာ အက်ဂါချိုင်းရက်ဇ်ကို အမှတ်နဲ့အနိုင်ယူထားသလို ဒီပွဲဟာ သူ့အတွက် ၂၀၂၄ ခုနှစ်အတွင်း ၄ ပွဲမြောက်ထိုးသတ်ရမယ့်ပွဲဖြစ်ကာ သူ့ဆန္ဒဖြစ်တဲ့ အဆင့်သတ်မှတ်ချက်ထဲက ဖိုက်တာတယောက်နဲ့ ထိုးသတ်ရမှာလည်း ဖြစ်ပါတယ်။ 

ပြိုင်ဘက် ကိုဒီဒါဒန်ကတော့ ဗန်ထက် ၁၀ နှစ်လောက်ကြီးပြီး UFC အဆင့်သတ်မှတ်ချက်စာရင်းဝင် ဝါရင့်ဖိုက်တာတဦး ဖြစ်တာနဲ့အညီ ထိုးသတ်ပုံကောင်းမွန်သလို ဘယ်ထောက်လက်သီးနဲ့ အားပါပြင်းထန်တဲ့ ညာလက်သီးချက်တို့ကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ 

အသဲမာတဲ့ကစားသမားတဦးဖြစ်ပြီး ပွဲစကတည်းက ပြိုင်ဘက်ကိုဆက်တိုက်ဖိအားပေး ဆိုင်ထိုးရတာကိုနှစ်သက်တဲ့ ကစားသမားဖြစ်ကာ ထိုးသတ်ပုံစုံလင်သလို ဗန်ရှုံးထားတဲ့ ဂျွန်ဆင်ကို အနိုင်ယူထားဖူးပါတယ်။ 

ပြိုင်ပွဲမစတင်ခင်ကတည်းက ဗန်နဲ့အပြန်အလှန်စိန်ခေါ်မှုတွေရှိခဲ့ပြီး ဗန်ကိုအလဲထိုးသွားမယ်လို့ ကြုံးဝါးထားပါတယ်။ ကိုဒီဒါဒန်ရဲ့အားနည်းချက်ကတော့ သက်လုံမချွေဘဲ ပြိုင်ဘက်ကို ဆက်တိုက်လိုက်ပြီးဖွင့်ထိုးတာကြောင့် ဒုတိယအချီပြီးခါနီးမှာ သက်လုံကျသွားတတ်ပါတယ်။ အတင်းဝင်အတင်းလုံးတဲ့ ကစားသမား ဖြစ်တာနဲ့အညီ ပြိုင်ဘက်ရဲ့ထောက်လက်သီးဒဏ်ကိုလည်းခံရတတ်တာကိုတွေ့ရပါတယ်။ 

ဗန်ကတော့ ပြိုင်ဘက်ကိုဆက်တိုက်ဖိအားပေးထိုးသတ်တတ်ပေမယ့် ဖွင့်ထိုးတာမျိုးထက် အခွင့်ကောင်းကိုစောင့်ပြီး ပြိုင်ဘက်အားနည်းချက်တွေကိုကြည့်ကာ အသာစီးရအောင်ကစားတတ်သူဖြစ်ပါတယ်။ သူ့ရဲ့လက်သီးချက်တွေကတော့ MMA ဝေဖန်သူတွေကြားမှာတောင် အသိအမှတ်ပြုပြောဆိုရတဲ့အထိ အဆင့်တခုရှိနေကာ ချုပ်ကွက်ကိုတုံ့ပြန်ရာမှာလည်း သေသပ်တာကိုတွေ့ရပါတယ်။ 

ဗန်ရဲ့အားနည်းချက်ကတော့ ဖွင့်ထိုးတဲ့ဖိုက်တာတွေနဲ့ဆိုရင် အနည်းငယ်ပြာသွားလေ့ရှိပြီး ဂျွန်ဆင်နဲ့ပွဲစဉ်တုန်းက ဂျွန်ဆင်ဖွင့်ထိုးချိန်မှာ အလဲထိုးခံခဲ့ရဖူးပါတယ်။ 

အပြန်အလှန်စိန်ခေါ်မှုတွေ၊ အလဲထိုးမယ်ဆိုတဲ့ကြုံးဝါးမှုတွေရှိနေတဲ့ ကိုဒီဒါဒန်နဲ့ ဗန်တို့ကတော့ UFC 310 ပြိုင်ပွဲမှာ ထိုးသတ်သွားတော့မှာဖြစ်တာကြောင့် ကိုဒီဒါဒန်ကပဲသူ့ရဲ့အဆင့်သတ်မှတ်ချက်ကိုထိန်းသိမ်းသွားမလား၊ ဗန်ကပဲ သူ့ရည်မှန်းချက်ကိုရောက်အောင်သွားနိုင်မလား ကြည့်ရပါတော့မယ်။ 

Photo – MMA Junkie 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။