ဒီပဲယင်း၊ အောက်တိုဘာ ၇၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ တိုက်ရွာနဲ့ အုတ်ရှစ်ကြီးရွာကြားမှာ အကြွေးတောင်းပြန်လာတဲ့ ပကဖ ရဲဘော် ၂ ဦးပစ်သတ်ခံရ လက်နက်နဲ့ ငွေတွေပါ ယူဆောင်ခံရတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
ပစ်သတ်ခံရသူတွေက ဘုတလင်မြို့နယ်၊ နတ်ရွာကျေးရွာပကဖ အဖွဲ့ဝင်တွေဖြစ်တဲ့ အသက် ၂၀ ကျော်အရွယ်ရှိ ရဲဘော် မင်းသီဟ နဲ့ အောင်မင်းထွေးဆိုသူတို့ဖြစ်ပြီး အောက်တိုဘာလ ၄ ရက်နေ့ညနေ ၆ နာရီကျော်ခန့်မှာ မူးကမ်းကြီးရွာကနေ ငွေတောင်းပြီး ပြန်လာချိန် ပစ်သတ်ခံရတာလို့ဆိုပါတယ်။
“ပိုက်ဆံတောင်းခိုင်းတာ။ သိန်း ၂၂၀ ရစရာရှိလို့ သွားတောင်းခိုင်းတဲ့အခါ ကလေးတွေက သွားတောင်းကြတယ်။ ငွေယူပြီး ပြန်လာတဲ့အချိန်မှာ လုပ်ကြံခံရတာ။ ပေးတဲ့သူကပဲ လုပ်ကြံတဲ့သဘောရှိတယ်။ ငွေက အကြွေးရစရာရရှိတဲ့ငွေပေါ့”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
ပကဖရဲဘော် ၂ ယောက်ပစ်သတ်ခံရတဲ့ နေရာအနီးမှာတော့ ၅.၅၆ ကျည်ခွံအချို့နဲ့ ၆.၈ မီလီမီတာ ကျည်ခွံအချို့တွေ့ရပြီး ရဲဘော် ၂ ဦးမှာ ဦးခေါင်းပွင့်သေဆုံးနေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရဲဘော် ၂ ဦးကိုင်ဆောင်လာတဲ့ သေနတ် ၂ လက်နဲ့ အကြွေးတောင်းယူလာတဲ့ ငွေကျပ် သိန်း ၂၂၀ လည်းပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ပစ်သတ်ခံရပြီးသေဆုံးသွားတဲ့ ရဲဘော် ၂ ဦးရဲ့အလောင်းကိုတော့ သက်ဆိုင်ရာ ရပ်ကျေးပကဖ အဖွဲ့တွေ ပြန်သယ်သွားပြီး နောက်တရက်မှာ သင်္ဂြိုဟ်လိုက်ကြတယ်လို့ သိရပါတယ်။
အဆိုပါ လူသတ်ငွေယူလက်နက်ယူသွားသူတွေကို ဖမ်းဆီးရမိနိုင်ရေး ခရိုင်နဲ့မြို့နယ်အဆင့် တာဝန်ရှိသူတွေက စုံစမ်းနေကြတယ်လို့ သိရပါတယ်။