27 July 2026 6:11 AM

၁ လအတွင်း စစ်ကောင်စီဗိုလ်မှူး ၁ ဦးအပါ ၆၀ ကျော် NUG ဆီဘက်ပြောင်းခိုလှုံ

0 1
0 1

မြေလတ်အသံ၊ မတ် ၄၊ ၂၀၂၅။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ – NUG ဆီကို စစ်ကောင်စီရဲ့ ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနဲ့ရဲ ၆၄ ဦး ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ မတ် ၄ ရက်ဒီကနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီအရေအတွက်ဟာ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၈ ရက်အထိ ၁ လတာအတွင်း NUG ရဲ့ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ဆက်သွယ်ပြီး ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီထဲက ၄၅ ဦးမှာ လက်နက်နဲ့အတူဘက်ပြောင်းခိုလှုံလာတဲ့အတွက် လက်နက်မျိုးစုံ ၄၄ လက်နဲ့ ခဲယမ်းမီးကျောက်တွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အထက်ပါလက်နက်ယူဆောင်လာတဲ့ ၄၅ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တချို့တပ်သားတွေဟာ ၎င်းတို့အစီအစဥ်နဲ့ ဇာတ်မြှုပ်နေထိုင်လာကြတာတွေရှိနေတာကြောင့် ဘက်ပြောင်းခိုလှုံနေတဲ့အရေအတွက်ဟာ အခု NUG ထုတ်ပြန်တဲ့အချက်အလက်ထက် ၂ ဆလောက်ရှိနိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုပါတယ်။

“အခုဆိုရင် ဗိုလ်မှူးတွေတော်တော်များများ ထွက်လာကြပြီ။ စာရင်းဇယားအရဆိုရင် အရေအတွက်က နည်းတောင်နည်းနိုင်ပါသေးတယ်။ နောင်လည်း ထွက်လာအုံးမှာပဲ။ ဒုတိယဗိုလ်မှူးကြီးတွေတောင်မှပဲ အမိန့်အာဏာဖိဆန်မှုနဲ့ အချုပ်တွေထဲမှာရောက်နေတာတွေလည်း ရှိတယ်။ နောက်ပိုင်းဆိုရင် တပ်ရင်းမှူးတွေပါ တပ်ရင်းလိုက်ပြန်ပြီးတော့ ပြည်သူတွေဆီကိုလက်နက်ချပြီးတော့ ပူးပေါင်းလာမယ့် အနေအထားမျိုးတွေ ပိုပြီးတော့များလာမှာလို့ပဲမြင်မိတယ်။” လို့ ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ်၊ စစ်ရေးဖြစ်ပေါ် တိုးတက်မှုအခြေအနေ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၁ နှစ်တာအတွင်း စစ်ကောင်စီတပ်သား ၄၂၅ ဦး၊ ရဲ ၁၄၂ ဦး၊ စုစုပေါင်း ၅၆၇ ဦး ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။