လေးကေ့ကော်မှာ တိုက်ပွဲဖြစ်လို့ စစ်ဘေးရှောင်တွေ ထပ်ပြီးစစ်ရှောင်နေရ

0 2
0 2

မြေလတ်အသံ၊ မတ် ၂၆၊ ၂၀၂၂။

ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသ၊ ဖလူးကြီးရွာအနီးမှာ မတ်လ ၂၅ ရက်မနေ့ကနေ့လည် ၂ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ရှောင်စခန်းက စစ်ဘေးရှောင်တွေ နောက်ထပ်တနေရာကို ထပ်ပြီးထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဖလူးကြီးကျေးရွာအနီးအပါအဝင် စစ်ရှောင်စခန်းအနီးက နေရာ ၄ နေရာမှာ စစ်ကောင်စီနဲ့ KNLA၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မနေ့က ညနေပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ညနေပိုင်းမှာ တိုက်ပွဲပြင်းထန်လာပြီး စစ်ရှောင်တွေ ထိုင်းဘက်ခြမ်းစရွှေ့ပါတယ်။ ခဏပြန်ငြိမ်တော့ ထိုင်းဘက်က ပြန်ရွှေ့ပေးဖို့လာပြောတယ်၊ ပြန်ဖြစ်မှသာ ကူးလာပေါ့။ ဒီနေ့နေ့လည်လည်း တိုက်ပွဲတွေထပ်ဖြစ်နေပါတယ်၊ စစ်ရှောင်စခန်းအနီးနားမှာပါပဲ” လို့ သူကပြောပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၂၇၅ စု၊ လူဦးရေ ၁၀၀၀ ခန့်မှာ ရက်သား လသားကလေးတွေအပါအဝင် ကလေးငယ်၂၀၀ ကျော်နေထိုင်နေတာဖြစ်ပြီး၊ လက်ရှိအချိန်မှာ အားလုံးနီးပါး တိမ်းရှောင်နေကြရသလို သူတို့အတွက် အစားအစာ၊ ရေသန့်၊ ဖျာ၊ စောင် နဲ့ ဖိနပ်တွေလိုအပ်နေတယ်လို့လည်း ဒေသခံတဦးက ဆက်ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ လေးကေ့ကော်ဒေသ အတွင်းမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်ကစလို့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက် ကနေ ၂၀၂၂ ခုနှစ်၊ မတ် ၂၀ ရက်အထိ ၈ လတာ ကာလအကြား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ (EAOs)ရဲ့ နယ်မြေတွေမှာ စစ်ကောင်စီနဲ့ EAOs တို့အကြား တိုက်ပွဲ အကြိမ်ရေ ၂,၁၉၃ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ Institute for Strategy and Policy- Myanmar က ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက EAOs နယ်မြေတွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး၊ အဲဒီအထဲကမှ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နယ်မြေ အတွင်းမှာတော့ ၁,၇၇၅ ကြိမ်ထက်မနည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့လည်း ဆိုထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။