ဖမ်းဆီးခံထားရတဲ့ သတင်းထောက်ရဲ့ ရုံးချိန်းကိုလာတဲ့ ဇနီးသည်ကို စစ်ကောင်စီထပ်မံ ဖမ်းဆီး

0 5
0 5

ပဲခူး၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၁။

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက် ကိုငြိမ်းချမ်းဝေရဲ့ ဒီကနေ့ရုံးချိန်းကို လာရောက်ခဲ့တဲ့ သူရဲ့ဇနီးသည်ကို သာယာဝတီခရိုင်တရားရုံးမှာပဲ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ် ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူမှာ Bago Weekly ဂျာနယ် သတင်းထောက် ကိုငြိမ်းချမ်းဝေရဲ့ဇနီး မဝေဝေလွင်ဖြစ်ပြီး၊ ပုဒ်မ ၁၂၃(ဂ) နဲ့ သာယာဝတီခရိုင်တရားရုံးမှာ ရုံးထုတ်မှာဖြစ်လို့ အကြော်အလှော်တွေလာပို့ပေးစဉ် ဖမ်းဆီးခံရကာ၊ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတဦးကပြောပါတယ်။

“ဖမ်းတာက (သာယာဝတီခရိုင်) တရားရုံးထဲမှာပဲ ဖမ်းလိုက်တာ။ လက်ရှိ ထိန်းသိမ်းထားတယ်ပဲ သိရသေးတယ်။ ဘာနဲ့ ဆွဲထားတယ် ပုဒ်မ ဘယ်လောက်လဲ မသိရသေးဘူး၊ ဖမ်းသွားတာ သူနဲ့အတူ ရုံးချိန်းလိုက်သွားတဲ့ အသိတွေက လှမ်းပြောတယ်။” လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကိုငြိမ်းချမ်းဝေဟာ ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာနေထိုင်တဲ့ သတင်းထောက် တဦးဖြစ်ပြီး၊ စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့က သာယာဝတီထောင်ရုံးချိန်းမှာ ပုဒ်မ ၅၀၅(က) အမှုအတွက် ထောင်ဒဏ် ၃ နှစ်အမိန့်ချမှတ်ခံထားရကာ၊ နောက်ထပ် ပုဒ်မ ၁၂၃ (ဂ) နဲ့ ထပ်မံအဖွင့်ခံထားရပြီး ဒီကနေ့ သာယာဝတီခရိုင် တရားရုံးမှာ သူရဲ့ ဇနီးသည်ကို ထပ်မံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကိုငြိမ်းချမ်းဝေကို လက်ပံတန်းမြို့နယ်၊ ခမုံကျေးရွာက နေအိမ်မှာ မတ်လ ၁၉ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ သူ့ရဲ့ဇနီးသည်ကို ဒီကနေ့မှာဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံ ၂ ဦးမှာ နှစ်အရွယ်သမီး ၁ ဦးကျန်ခဲ့ပြီး အဖွားဖြစ်သူက ခေါ်ယူစောင့်ရှောက်ထားရတယ်လို့ သိရပါတယ်။

ကိုငြိမ်းချမ်းဝေဟာ ပဲခူးမြို့အခြေစိုက် Bago Weekly Journal မှာ နယ်မြေခံသတင်းထောက်အနေနဲ့ သတင်းတွေရေးသားပြီး သူရဲ့ ဂျာနယ်တိုက်ကို မတ်လထဲမှာ စစ်ကောင်စီက ဝင်ရောက်ဖျက်ဆီးခဲ့ကာ၊ သတင်းဌာနရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကိုပါ နည်းပညာအရ ပိတ်ခံထားရတဲ့ သတင်းဌာနတခုဖြစ်ကြောင်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။