7 October 2026 11:00 AM

စစ်တပ်နဲ့ပျူစောထီးအုပ်ချုပ်ထားတဲ့ ရွာက ကလေး ၄ ဦးအပါ ၁၀ ဦး မြိုင်ပကဖဆီ ထွက်ပြေးခိုလှုံလာ

0 1
0 1

မကွေး၊ ဇူလိုင် ၁၁၊ ၂၀၂၄။

စစ်တပ်နဲ့ပျူစောထီးတွေအုပ်ချုပ်ထားတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တရော်ကိုင်းကျေးရွာကနေ ကလေး ၄ ဦးအပါအဝင် ဒေသခံ ၁၀ ဦး ဇူလိုင် ၉ ရက်မှာ ထွက်ပြေးခိုလှုံလာတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆီက သိရပါတယ်။

ခိုလှုံလာသူတွေဟာ အသက် ၅၈ နှစ်အရွယ် ဒေါ်မြင့်ရီ၊ ၄၂ နှစ်အရွယ် ဦးကျော်လွင်၊ ၃၁ နှစ်အရွယ် မခင်သက်လွင်၊ ၁၆ နှစ်အရွယ် မင်းထက်ထက်ဝေ၊ ၁၆ နှစ်အရွယ် မခိုင်နှင်းဦး၊ ကိုရင် ဖက်တီး၊ အသက် ၁၄ နှစ်အရွယ် နေလင်းဦး၊ ၁၀ နှစ်အရွယ် ဟိန်းသန့်ဖြိုး၊ ၈ နှစ်အရွယ် ဘုန်းလျှံဖြိုးနဲ့ ၅ နှစ်အရွယ် ဟိန်းသန့်စိုးတို့ ဖြစ်ပါတယ်။

“သူတို့ကို ပျူစောထီးလိုတော့ မသတ်မှတ်ပါဘူး။ ရွာထဲကနေမထွက်ရဲလို့ မထွက်နိုင်လို့နေကြရတာ။ အခုတော့ အစာရေစာပြတ်တော့ ထွက်ကြတော့တာ။ ထွက်ပြေးလာတဲ့သူတွေကို **တွေနဲ့ဝေးတဲ့နေရာ နေရာထိုင်ခင်း လုပ်ပေးထားတယ်။ ရေရှည်မှာ အလုပ်ပေးနိုင်အောင်တော့ စီစဉ်နေတယ်။” လို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

တရော်ကိုင်းကျေးရွာမှာ စစ်ကောင်စီတပ်သားနဲ့ပျူစောထီး ၁၀၀ ကျော်ရှိပြီး ဒေသခံတွေကိုလည်း ကျေးရွာအတွင်း အလှည့်ကျကင်းစောင့်ခိုင်းတာအပြင် ရိက္ခာလည်းလုံလုံလောက်လောက်မရရှိဘူးလို့ ဆိုပါတယ်။

“နေထိုင်စားသောက်ရတာက ဆန်ကိုပြည့်ပြည့်စုံစုံမရှိဘူး။ ဆီ ဆား ငရုတ် ကြက်သွန်တွေ ခက်ခဲတယ်။ ထမင်းမစားရတာလည်းကြာပြီ။ ပဲပြုတ်တွေနဲ့ပဲ စားနေရတာ” လို့ ထွက်ပြေးလာသူတွေရဲ့ အခြေအနေကို ဗိုလ်လက်ယာက ပြန်ပြောပြပါတယ်။

အခုထွက်ပြေးလာသူတွေဟာ ဆွေမျိုးတော်စပ်သူတွေဖြစ်ပြီး မြိုင်ပကဖ အဖွဲ့ဝင်တွေနဲ့ချိတ်ဆက်ကာ သူတို့ကို ကင်းစောင့်ခိုင်းတဲ့အချိန်မှာ ထွက်ပြေးလာခဲ့ကြတာလို့ ဆိုပါတယ်။

“အခုပြေးလာတဲ့သူတွေကတော့ နှစ်ဝမ်းကွဲ၊ သုံးဝမ်းကွဲအပြန်အလှန်တော်ကြတာ။ သူတို့ကရွာထဲမှာ တရက်ခြား နှစ်ရက်ခြား ကင်းစောင့်ရတယ်။ သူတို့ကင်းစောင့်ရတဲ့အချိန်မှာ ထွက်ပြေးလာကြတာ။ သူတို့ကို ကျနော်တို့က မီတာ ၄၀၀ အကွာကစောင့်တာဆိုတော့ သူတို့ အခက်အခဲ မရှိပါဘူး၊” လို့ ဆိုပါတယ်။

တရော်ကိုင်းကျေးရွာအနီးက ဇီးပြားကျေးရွာမှာလည်း စစ်သားနဲ့ပျူစောထီးတွေ အင်အား ၁၀၀ ကျော် တပ်စွဲထားပြီး ၂ ရွာလုံးက ပျူစောထီးအားကောင်းတဲ့ကျေးရွာတွေဖြစ်တယ်လို့လည်း သိရပါတယ်။

မြိုင်မြို့နယ်ပကဖဆီမှာ တရော်ကိုင်းရွာကနေထွက်ပြေးလာသူ ၁၈ ဦးနဲ့ ဇီးပြားရွာက လက်နက်ကိုင် ပျူစောထီး ၁ ဦး စုစုပေါင်း ၁၉ ဦးထွက်ပြေးခိုလှုံနေကြတယ်လို့လည်း ဗိုလ်လက်ယာက ပြောပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။