နတ်မောက်၊ ဧပြီ ၁၀၊ ၂၀၂၅။
မကွေးတိုင်း၊ နတ်မောက်မြို့အနီးက စစ်ကောင်စီဂိတ်ကို ဧပြီ ၁၀ ရက်မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံဆီက သိရပါတယ်။
နတ်မောက်မြို့တောင်ဘက်အထွက်က အင်အား ၁၀ ဦးဝန်းကျင်ရှိတဲ့ စစ်ကောင်စီဂိတ်ကို မနက် ၃ နာရီ ၁၅ မိနစ်လောက်မှာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
“ကျနော်တို့ မီတာ ၅၀ ဝန်းကျင်လောက်အထိသွားကပ်ပြီးတော့ တိုက်ခိုက်ခဲ့တာ၊ နယ်မြေခံပြည်သူတွေက လှမ်းပြီးသတင်းပို့တာကတော့ ၅ ဦးသေပြီး ၈ ဦးလောက်ဒဏ်ရာရတယ်၊ ကျနော်တို့ မြို့အခြေထိသွားပြီး တိုက်ခိုက်ခဲ့တာ”လို့ People’s Defense Organization – Natmauk တာဝန်ခံ အဆိပ်သီးက ပြောပါတယ်။
အဲ့ဒီဂိတ်ဟာ စစ်အာဏာသိမ်းပြီးနောက် ဖွင့်ထားတဲ့ဂိတ်ဖြစ်ပြီး စစ်သား၊ ရဲနဲ့ ပျူစောထီးတွေပေါင်းကာ အလှည့်ကျဂိတ်ကြေးကောက်နေကြတာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုအတွက် ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ မြေလတ်အသံကသီးခြားအတည် မပြုနိုင်သေးပါဘူး။
ဒီတိုက်ခိုက်မှုကိုတော့ People’s Defense Organization – Natmauk၊ နတ်မောက် ပကဖနဲ့ မဟာမိတ်တပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၉ ရက်ကလည်း နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာက ထွက်လာသော စစ်ကောင်စီကား ၁ စီးကို People’s Defense Organization – Natmauk က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
သတင်း – ဒိန်းဂျား၊ စာတည်း – လင်း