ဂန့်ဂေါ၊ ဩဂုတ် ၁၃၊ ၂၀၂၆။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာ အစွန်ရှိ ရာဇမုနိဘုန်းကြီးကျောင်းကုန်း အနီးမှာ CDF/KKG ဥက္ကဌ အပါအဝင် ၃ ဦးကို Black Dragon Force အဖွဲ့က ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ ဖြစ်စဉ်ကို သိထားတဲ့ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူတွေဟာ CDF/KKG တပ်ရင်း(၆) ဥက္ကဌ ဘဖြိုး၊ ရဲဘော်မဲကြီးနဲ့ ပိတောက်ကုန်းကျေးရွာက စစ်ရှောင်အမျိုးသား ၁ ဦးတို့ဖြစ်ပြီး ဩဂုတ်လ ၁၂ ရက်နေ့ည ၁၁ နာရီခန့်က ပစ်သတ်ခံရတာလို့ ဆိုပါတယ်။

“ဘဖြိုး ဇာတိကျေးရွာမှာ Black Dragon Force အဖွဲ့က စည်းရုံးရေးဟောပြောပွဲသွားလုပ်တယ်။ ဘဖြိုးကသိတော့ ဖုန်းနဲ့ဆက်ပြောတယ်။ သူတို့ထိန်းချုပ်နယ်မြေလာရင် အကြောင်းကြားဖို့၊ လက်နက်မယူလာဖို့ ဝတ်စုံတွေမဝတ်လာဖို့ အခြေအတင်ဖြစ်တယ်။ အဲတော့ မင်းတို့ပြောချင်လာခဲ့ ဒဲ့ရှင်းမယ်ဆိုလို့ ဘဖြိုးတို့က သွားတဲ့အချိန် အသင့်စောင့်ပြီးပစ်တာ”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတဦးက ပြောပါတယ်။
Black Dragon Force အဖွဲ့က ပစ်ခတ်လို့ ဘဖြိုးပါ ၃ ဦးဟာ နေရာမှာတင်သေဆုံးသွားပြီး ပစ်ခတ်တဲ့ အဖွဲ့တွေက ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ဘဖြိုးပါ ၃ ဦးရဲ့ နာရေးကိုတော့ ဒီကနေ့ ဩဂုတ်လ ၁၃ ရက်နေ့က ပြုလုပ်ပြီးစီးသွားပြီလို့ သိရပါတယ်။
ပစ်ခတ်မှုပြလုပ်သွားတဲ့ Black Dragon Force အဖွဲ့ဟာ ပြန်လည်ဖွဲ့စည်းထားတာ ၃ လခန့်သာရှိပြီး၊ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ချမ်းမင်းအောင် (ခေါ် ) ငြိမ်းသော်ဟာ ယခင်က CDF/KKG တပ်ရင်း(၆) အပါအဝင် ခရိုင်တပ်ရင်းတွေမှာ နေခဲ့ဖူးသူဖြစ်ပြီး၊ ထုတ်ပယ်ခံရပြီးနောက် သူလိုမျိုး တခြားတပ်ရင်းတပ်ဖွဲ့တွေကနေ ထုတ်ပယ်ခံထားရသူတွေနဲ့ Black Dragon Force အဖွဲ့ကို ပြန်လည်စုဖွဲ့ပြီး LPDF အဖွဲ့အသစ်အနေနဲ့ တည်ထောင်ထားတာလို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ Black Dragon Force အဖွဲ့ကို မြေလတ်အသံက ဆက်သွယ် အတည်ပြုလို့ မရသေးပါ။
ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်ကလည်း ဂန့်ဂေါမြို့နယ်၊ ရေမျက်နီကျေးရွာနဲ့ ညောင်လယ်ကျေးရွာအနီးမှာ YDF (ဗဟို)ဘက်က ပစ်ခတ်မှုမှာ YDF ခွဲထွက်အဖွဲ့ စစ်ဒေသမှူး ဗိုလ်ကြီးကောင်းကောင်းနဲ့ တပ်ကြပ် စိုင်းဇော်ဝင်းတို့ ၂ ဦး ကျဆုံးခဲ့ပြီး၊ အခြား ၂ ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။