ဂန့်ဂေါ၊ ဩဂုတ် ၁၄၊ ၂၀၂၆။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာမှာ CDF-KKG ဥက္ကဌပါ ၃ ဦးကို ပစ်သတ်သူ Black Dragon Force အဖွဲ့ခေါင်းဆောင်ပါ ၃ ဦး သေနတ် ၇ လက်နဲ့ စစ်တပ်ဘက်ကို ထွက်ပြေးကာ ဘက်ပြောင်းသွားတယ်လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
CDF-KKG ဥက္ကဌပါ ၃ ဦးကိုပစ်သတ်ပြီး ညတွင်းချင်းမှာပင် အဖွဲ့ခေါင်းဆောင် ငြိမ်းသော်(ခ)ချမ်းမင်းအောင်ဟာ ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်ရင်းကို ဘက်ပြောင်း သွားတယ်လို့ ဆိုပါတယ်။
“ဒီကောင်တွေက အရင်ကတည်းက ရှောက်ပင်ကာကင်စခန်း၊ ခလရ ၅၀ တို့နဲ့သတင်းပေး သတင်းယူရှိတယ်လို့ သိရတယ်။ ကိုဘဖြိုးဆီကနေ ဖုန်းတလုံးနဲ့ ပစ္စတိုကိုလည်း ယူသွားတယ်။ အဲဒီကရတဲ့သေနတ်နဲ့ သူတို့မှာရှိတဲ့သေနတ်တွေပါ မြစ်သာမြစ်အနောက်ဘက်ကမ်း ရှောင်ပင်ကာကင်းစခန်းကို ဝင်တယ်။ မနေ့မနက်မှာ ရှောက်ပင်ကာကင်းကနေ ဂန့်ဂေါမြို့နားက လောင်ထောင်ဂိတ်ကို ပို့တယ်။ မနက် ၉ နာရီမှာ ခလရ ၅၀ ထဲကိုရောက်သွားတယ်”လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
ငြိမ်းသော်(ခ)ချမ်းမင်းအောင်ပါ ၃ ဦးဟာ ကိုဘဖြိုးထံက သိမ်းယူထားတဲ့ ပစ္စတိုသေနတ်တလက်၊ သူတို့ပိုင်ဆိုင်တဲ့ ပစ္စတိုတလက်၊ သေနတ် အရှည် ၅ လက် စုစုပေါင်း သေနတ် ၇ လက်ပါသွားတယ်လို့ ဆိုပါတယ်။
CDF-KKG ဥက္ကဌ ဘဖြိုးရဲ့ဖုန်းပါ ယူသွားတာကြောင့် ဒေသတွင်း တော်လှန်ရေးအဖွဲ့ဝင်တွေ၊ ထောက်ပို့တွေနဲ့ အဆက်စပ်ရှိသူတွေ သတိထားကြဖို့ လိုတယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့ည ၁၁ နာရီခန့်မှာ ၊ ရှုံးရှီကျေးရွာအစွန်ရှိ ရာဇမုနိဘုန်းကြီးကျောင်း ကုန်းအနီးမှာ CDF-KKG တပ်ရင်း(၆) ဥက္ကဌ ဘဖြိုး၊ ရဲဘော်မဲကြီးနဲ့ ပိတောက်ကုန်းကျေးရွာက စစ်ရှောင်အမျိုးသား ၁ ဦးတို့ကို Black Dragon Force အဖွဲ့က ပစ်သတ်ခဲ့တာပါ။
ပစ်သတ်ကတဲ့ အကြောင်းအရင်းက CDF-KKG တပ်ရင်း(၆) ဥက္ကဌ ဘဖြိုးဇာတိကျေးရွာကို Black Dragon Force အဖွဲ့က စည်းရုံးရေးဟောပြောပွဲသွားလုပ်ပြီးနောက် ဘဖြိုးက ချမ်းမင်းအောင် ခေါ် ငြိမ်းသော်ကို ဖုန်းနဲ့ဆက်ပြီး CDF-KKG တပ်ရင်း(၆)နယ်မြေထဲလာပါက သေနတ်မယူလာရ၊ ယူနီဖောင်းမဝတ်လာဖို့ပြောဆိုရာမှ စကားအချေအတင်ဖြစ်ကြပြီး ပြသနာရှင်းလင်းဖို့ ဘုရားကုန်းကိုအသွားမှာ စောင့်ပြီပစ်သတ်တာကို ခံလိုက်ရတာလို့ သိရပါတယ်။
