⁩ ⁨ခင်ဦးနယ်တဝိုက်မှာ ရေကြီးနေလို့ ပြည်သူသောင်းချီ ရေဘေးလွတ်ရာရွှေ့ပြောင်းနေရ

0 12
0 12

ခင်ဦး၊ ဩဂုတ် ၇၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အနောက်ခြမ်းက ကျေးရွာတွေမှာ ရေကြီးနေလို့ သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ ရေဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းနေရတယ်လို့ ခင်ဦးမြို့နယ် ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။

မနေ့က ဩဂုတ်လ ၆ ရက်နေ့ကစတင်ပြီး မိုးသည်းထန်စွာရွာသွန်းသလို သဖန်းဆိပ်ဆည်ရေကြောင့် မူးမြစ်ရေတက်လာပြီး၊ ခင်ဦးအနောက်ခြမ်းက ကျေးရွာတွေဖြစ်တဲ့ အနောက်ရသစ်၊ မူးပါ၊ ဇီးတော၊ လက်ပံ၊ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ ဇီးအုံးနဲ့ ယာတော်ကျေးရွာတွေ အပါအဝင် ကျေးရွာ ၁၅ ခန့်မှာ ရေကြီးနေတာ ဖြစ်ပါတယ်။

“ရွာထဲမှာဆို ရေက ခါးကျော်ကျော်လောက်။ အချို့နေရာဆို လည်ပင်းလောက်ရှိတယ်။ ပြည်သူတွေကအကုန်ရွှေ့ နေရတယ်။ ဗျူဟာလမ်းအနောက်ဘက်ခြမ်းက ရေကြီးနေတာဆိုတော့ အရှေ့ဘက်ခြမ်းကို အကုန်ရွေ့နေရတယ်။ ဆိတ်၊ နွား၊ ကြက်၊ ဝက် တိရစ္ဆာန်တွေ အကုန်ရွှေ့ရတယ်”လို့ ခင်ဦးမြို့နယ် ပကဖတာဝန်ခံက ပြောပါတယ်။

မူးမြစ်ရေဟာ တဖြည်းဖြည်းတက်လာတာကြောင့် ပြည်သူတွေရွှေ့ပြောင်းဖို့ အချိန်ရခဲ့တာကြောင့် အချိန်မီပြောင်းရွှေ့နိုင်ခဲ့လို့ အသေအပျောက် မရှိကြဘူးလို့ဆိုပါတယ်။

ရွေ့ပြောင်းထားကြရတဲ့ ပြည်သူတွေက ဗျူဟာလမ်းပိုင်းပေါ်နဲ့ ကုန်းမြင့်ပိုင်းတွေမှာ ယာယီတိမ်းရှောင်နေကြရပြီး၊ အမိုးအကာ မရှိသူတွေက မိုးရေထဲ နေနေကြရတယ်လို့ သိရပါတယ်။

ရေဘေးသင့်နယ်မြေတွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်တာကြောင့် ပြည်သူတွေကို တော်လှန်ရေးအဖွဲ့တွေက ကူညီဆောင်ရွက်ပေး​နေကြပြီး ပြင်ပအကူအညီတွေတော့ မရောက်လာသေးဘူးလို့ ဆိုပါတယ်။

ရေဘေးရှောင်ကြရတဲ့ ကျေးရွာတွေက အနည်းဆုံးအိမ်ခြေ ၂၀၀ ကနေ အများဆုံး အိမ်ခြေ ၅၀၀ ကျော်အထိရှိတဲ့ကျေးရွာတွေဖြစ်လို့ လူဦးရေတသောင်းကျော်လောက် ရေဘေး ရှောင်နေကြရတယ်လို့ သိရပါတယ်။

မူးမြစ်ရေကြီးနေလို့ မူးမြစ်ကမ်းဘေးရှိ ရေဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ ကောလင်းမြို့နယ်တွေက ကျေးရွာတွေမှာလည်း ရေကြီးမှုတွေ ဖြစ်နေကြောင်း သိရပါတယ်။

ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။