⁨ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချခဲ့လို့ အဖိုးအို ၁ ဦးသေဆုံး

0 0
0 0

ဝက်လက်၊ ဇူလိုင် ၂၈၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာကျေးရွာကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် သက်ကြီးအမျိုးသား ၁ ဦးသေဆုံးသွားတယ်လို့ တိုက်နယ် ၄ ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့မနက် ၁၀ နာရီခွဲခန့်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်ဟာ ပေါက်ကန်ဘူတာကျေးရွာထဲကို ဗုံး ၂ လုံးကြဲချသွားခဲ့တာ ဖြစ်ပါတယ်။

“ဗုံးက ရွာမြောက်ဖျားတလုံး ရွာလယ်တလုံးကျတာ။ ရွာလယ်ကျတဲ့ဟာမှာ အိမ်ဘေးကျတော့ အစမှန်တာပေါ့။ ခုထိတဲ့သူတွေက အိမ်ထဲရှိနေရင်း ထိတာ” လို့ တိုက်နယ် ၄ ပကဖတာဝန်ရှိသူက ဆက်ပြောပါတယ်။

ပုံစာ – စစ်တပ်ဂျက်ဖိုက်တာဖြင့် ဗုံကြဲမှုကြောင့် ဝက်လက်မြို့နယ် ပေါက်ကန်ဘူတာကျေးရွာမှ အသက် ၆၃ နှစ်အရွယ် ဦးမြင့်သန်း သေဆုံးနေပုံ

ဗုံးထိမှန်တာကြောင့် ပက်လပ်ကုလာထိုင်မှာ ထိုင်နေတဲ့ အသက် ၆၃ နှစ်အရွယ် ဦးမြင့်သန်းမှာ နေရာမှာပင် သေဆုံးသွားခဲ့ပြီး၊ အသက် ၄၃ နှစ်အရွယ် မဖြူဝင်းက ဒဏ်ရာရရှိသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် နေအိမ် ၃ လုံးလည်း ပျက်စီးသွားပြီး တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ကျေးရွာအတွင်း စိုးရိမ်သူအချို့က ထွက်ပြေးတိမ်းရှောင် သွားကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ နတ်ကုန်းတလိုင်းရွာသစ်နဲ့ ဝက်လူးအိုင်ကျေးရွာတွေက ဒေသခံပြည်သူတွေကို စစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ဝက်လူးအိုင်ရွာက အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။