မြိုင်၊ ဇူလိုင် ၂၂၊ ၂၀၂၆။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ဖိုးကျေးရွာမှာ စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကရမ်းပစ်လိုက်တဲ့ လက်နက်ကြီးမှန်လို့ လင်မယား ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
ဇူလိုင်လ ၂၂ ရက်နေ့မနက် ၇ နာရီခန့်က သင်းမကျေးရွာကိုရောက်နေတဲ့ စစ်ကောသ်စီစစ်ကြောင်းက ဝက်ဖိုးရွာဘက်ကို လက်နက်ကြီး ၃ လုံးထက်မနည်းပစ်ခတ်ခဲ့ရာမှာ လူနေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့လို့ လင်မယား ၂ ဦး သေဆုံးရတာလို့ ပြောပါတယ်။
“ဒီမနက် သင်းမရွာကို မီးရှို့ပြီး အဲဒီကနေ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့လှမ်းပစ်တာ။ ဝက်ဖိုးရွာထဲကျတဲ့ လက်နက်ကြီးက နေအိမ်ဝင်းထဲကျပြီး အစမှန်ပြီး နေရာမှာတင် သေတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်နက်ကြီးထိမှန်တာကြောင့် အသက် ၄၀ ကျော်အရွယ် လင်မယား ၂ ဦးနေရာမှာတင် သေဆုံးပြီးနေအိမ်လည်းပျက်စီးသွားပါတယ်။
အဲဒီ့စစ်ကြောင်းဟာ ဇူလိုင်လ ၂၁ ရက်နေ့ညနေပိုင်းကတည်းက သင်းမရွာကိုရောက်ပြီးနောက် နေအိမ်တွေကို မီးရှိုခဲ့သလို ဒီကနေ့မနက်ပိုင်းမှာလည်း ကျေးရွာထဲက နေအိမ်တွေကို ထပ်မံမီးရှို့ခဲ့တာကြောင့် နေအိမ် ၂၀ လုံးထက်မနည်းပျက်စီးကာ အသေးစိတ်အချက်အလက်တွေတော့ နယ်မြေရှင်းလင်းရေး မလုပ်နိုင်သေးတာကြောင့် မသိရသေးဘူးလို့ဆိုပါတယ်။
အဆိုပါစစ်ကြောင်းဟာ ဇူလိုင်လ ၁၃ ရက်နေ့ကတည်းက ပေါက်နယ်ကနေတဆင့် မြိုင်နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး စစ်ကြောင်းထိုးလာတဲ့ လမ်းကြောင်းတလျှောက်ရှိ ကန်နက်၊ မြင်းကိုသစ်၊ ကိုင်းတောမ၊ ဝါးရင်းချိုင့်၊ ကွန်လပ်၊ ဘောတုံ၊ သံချောင်းရွာတွေက ပြည်သူ ၁၃ ဦးသတ်ဖြတ်ခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်းရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။