3 July 2026 11:57 AM

⁨သရက်ခရိုင်ရဲမှူး ယာဥ်တန်းတိုက်ခိုက်ခံရပြီး ခရိုင်ရဲမှူးဒဏ်ရာရကာ မြို့နယ်ဦးစီးမှူးနဲ့ ရဲ ၁ ဦးသေဆုံး

0 0
0 0

အောင်လံ၊ ဇူလိုင် ၃၊ ၂၀၂၆

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ဘုရားတောင်ဗွေကျေးရွာအနီး ပြည်-မကွေးကားလမ်းမှာ သရက်ခရိုင်ရဲတပ်ဖွဲ့မှူးလိုက်ပါလာတဲ့ယာဥ်တန်း တိုက်ခိုက်ခံရပြီး ခရိုင်ရဲမှူးဒဏ်ရာရကာ၊ မြို့နယ်ဦးစီးမှူး ၁ ဦးနဲ့ ရဲ ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ နေ့လယ် ၁ နာရီခန့်က အောင်လံကနေ ဆင်ပေါင်ဝဲဘက်ကို သရက်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနိုင်လိုက်ပါလာတဲ့ ကား ၄ စီးပါ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

“တော်လှန်ရေးအဖွဲ့တွေက ဘုရားတောင်ဗွေနားမှာ တိုက်ပွဲ​ဖော်ဆောင်တာပါ။ ပွင်းလင်းပြောရရင် ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်တာပါ။ ကြားညှပ်တာမဟုတ်ဘူး။ သူတို့က တူတူလာကြတာ။ ရဲတပ်ဖွဲ့ပါတဲ့ယာဥ်တန်းပါ။”လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါပစ်ခတ်မှုအတွင်းမှာ ဆင်ပေါင်ဝဲမြို့နယ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးဦးကျော်ဇေယျနဲ့ ရဲတပ်ကြပ်ကြီးတဦးတို့ သေဆုံးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနိုင်အပါအဝင် ယာဥ်တန်းနဲ့ပါလာသူ ၅ ဦးခန့် ဒဏ်ရာရတာရှိတယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုကိုပြုလုပ်ခဲ့တဲ့ အဖွဲ့တွေဘက်ကတော့ ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းအထိ သတင်းတစုံတရာထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့အဖွဲ့တာဝန်ရှိသူတွေထံ မြေလတ်အသံက ဆက်သွယ်နေပေမယ့် အဆက်အသွယ်မရသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကလည်း ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာနဲ့ ချောက်မြို့ကြားမှာ ဂွေးပင်ရဲစခန်းမှူး လိုက်ပါလာတဲ့ကား တိုက်ခိုက်ခံရပြီး စခန်းမှူးသေဆုံးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – သရက်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်နိုင် (MOI)

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။