မန္တလေးလမ်းဟောင်းမှာ ကုန်ကား‌တွေလမ်းဂိတ်ကြေး ကျပ်သိန်းချီပေးနေရဆဲဖြစ်ပြီး ယခင်ထက်အ နည်းငယ်သာလျော့သွား

0 8
0 8

မြေလတ်အသံ၊ ဇွန် ၁၅၊ ၂၀၂၆။

ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဂိတ်ကြေးငွေတွေဆက်လက်ပေး ဆောင်နေရဆဲဖြစ်ပြီး တောင်းခံငွေပမာဏ ယခင်ထက်တော့အနည်းငယ်လျော့နည်းသွားတယ်လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ယခင်က လမ်းပိုင်းအသုံးပြုတဲ့ ကုန်တင်ကားတွေဟာ ရန်ကုန်ကနေ မန္တလေးအထိလမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေမှာ ခရီးစဥ်အစအဆုံးဂိတ်ကြေး ကျပ် ၅ သိန်းအထိ ပေးဆောင်နေရပြီး လက်ရှိ အထိ ကျပ် ၃ သိန်း ဝန်းကျင်အထိ ကုန်ကျနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“အရင်လို စီးပွားဖြစ်တောင်းတာ နည်းလာတယ်။ မကောက်ဘူးဆိုပေမယ့် တောင်းသေးတယ်။ (ကျပ်)​၅၀၀၀၊ ၁၀၀၀၀ ပေးရတယ်။ အဖွဲ့စုံထိုင်နေရင် သုံးလေးသောင်းတော့ ပေးရသေးတယ်။ တစ်ကျပ်မှမပေးရဘူးဆိုတာတော့မရှိဘူး။ အရင်လိုတော့ တောင်းချင်တိုင်းတောင်းတာ နည်းလာတယ်” ရန်ကုန်-မန္တလေးကုန်ပို့ဆောင်နေတဲ့ ကုန်တင်ယာဥ်ပိုင်ရှင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် အကောက်ခွန်ဝန်ထမ်းတွေရှိနေတဲ့ စုပေါင်းစစ်ဆေးရေးဂိတ်တွေမှာ ယခင်လို ဂိတ်ကြေးတောင်းခံတာထက် ရုံးပိုင်းဆိုင်ရာစာရွက်စာတမ်းလိုအပ်ချက်ရှိတယ်ဆိုကာ ယာဥ်မောင်းတွေ ငွေပေးဆောင်လာအောင် အကြပ်ကိုင်တာတွေ ပိုမိုလုပ်ဆောင်လာပြီး ကျပ် ၅၀,၀၀၀ ကျပ်ခန့်ပေးဆောင်မှ ဖြတ်သန်းခွင့်ပြုတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်း ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ကကုန်တင်ကားတွေကို ယာဥ်ထိန်းအပါအဝင်ရဲတပ်ဖွဲ့ဝင်တွေက လမ်းပိုင်းစစ်ဆေးရေးဂိတ်တွေမှာ ငွေကောက်ခံခြင်း ရှိ၊ မရှိ မေးမြန်းတဲ့အပေါ်ယာဥ်မောင်းဆိုသူတွေကလည်း ပေးဆောင်ခြင်းရခြင်းမရှိကြောင်း ပြန်လည်ဖြေကြားတဲ့ ရုပ်သံဖိုင် လူမှုကွန်ယက်မှာ ပြန့်နှံ့လာတာပါ။

ဒါပေမယ့်လမ်းပိုင်းမှာ အသုံးပြုနေတဲ့ ကုန်တင်ယာဥ်တွေကတော့ ဇွန်လ ၁၂ ရက်နေ့အထိ စစ်ဆေးရေးဂိတ်တွေက တောင်းခံတဲ့ဂိတ်ကြေးငွေကို ဆက်လက်ပေးဆောင်နေရဆဲဖြစ်ပြီး အဲ့ဒီရုပ်သံဖိုင်ကိုလည်း လူမှုကွန်ယက်မှာ ဝေဖန်မှုတွေမြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်းနေရာတချို့မှာတော့ စစ်တိုင်းမှူးအဆင့်ရှိသူတွေအပါ တပ်ထိပ်ပိုင်းအရာရှိတချို့က စစ်ဆေးရေးဂိတ်တွေမှာငွေမပေးဖို့၊ ငွေတောင်းတဲ့ဂိတ်တွေကို ဖုန်းဆက်တိုင်ကြားဖို့ ယာဥ်မောင်းတွေကို ပြောဆိုပေမယ့် ငွေကြေးတောင်းခံတာတွေက ရှိနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

အထက်ပါလမ်းပိုင်းမှာ လက်ရှိအထိဂိတ်ကြေးငွေတောင်းခံနေတဲ့အခြေအနေကို ဖြူးမြို့ခံတဦးက ” သူ့တို့အထက်လူကြီးတွေကတော့ ပိုက််ဆံမပေးဖို့ ဂိတ်တွေမှာသစ်သားတိုင်ကြီးတွေနဲ့ ဆိုင်းဘုတ်ကြီးတွေတော့ ထောင်ထားတာပဲ။ ပိုက်ဆံတောင်းခဲ့ရင် ဘယ်ကိုတိုင်ပါဆိုတာမျိုး။ အဲ့လိုတွေချိတ်ထားပြီးလည်း တောင်းတာပဲ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်-မန္တလေးလမ်းဟောင်းအပါအဝင် နိုင်ငံအနှံ့မြို့ကြီးတွေကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးတွေပေါ်မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးရေးဂိတ်တွေများပြားလာပြီး လမ်းမကြီးတွေပေါ် ဖြတ်သန်းမောင်းနှင်တဲ့ ကုန်စည်တင်ယာဥ်၊ ခရီးသည်တင်ယာဥ်တွေနဲ့ အိမ်စီးကားတွေကို အကြောင်းအမျိုးမျိုးနဲ့ ဂိတ်ကြေးငွေတောင်းခံနေတာလည်းဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။