လေယာဥ်ဗုံးစထိပြီး ဆေးကုနေရတဲ့ ဗျူဟာ ၂၂ ဗျူဟာမှူး စောဂျိမ်း ကျဆုံး

0 203
0 203

မြေလတ်အသံ၊ ဇွန် ၁၁၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်း အခြေပြုစစ်ရေးလှုပ်ရှားနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက် တောင်ပိုင်းတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ဗျူဟာမှူး စောဂျိမ်း ကွယ်လွန်သွားတယ်လို့ အခြေအနေကိုသိရှိထားတဲ့ PDF တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ဗျူဟာမှူး စောဂျိမ်း ဟာ လေယာဥ်ဗုံးစထိမှန်ဒဏ်ရာတွေကို တော်လှန်ရေးထိန်းချုပ်နယ်​မြေအတွင်း ဆေးကုသနေရင်း ဇွန်လ ၉ ရက် မနက်ပိုင်းမှာ ရရှိထားတဲ့ဒဏ်ရာတွေနဲ့ပဲ ကွယ်လွန်သွားတာလို့ ဆိုပါတယ်။

” အင်္ဂါနေ့မနက် ၆ နာရီလောက်က ဆုံးသွားတယ်လို့တော့ သိရတယ်။ အဲ့သတင်းက ကိုယ်တွေကအရင်သိတာမဟုတ်ဘူး။ ဘောမချန်နယ်(စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်)တွေက အရင်တက်လာလို့ လိုက်စုံစမ်းကြည့်တော့မှ သိရတာ။ ဆေးကုနေတာကမသက်သာဘဲ အခြေနေဆိုးလာတာ။ သေတာကိုသိတယ်။ ဒဏ်ရာရတာကို သိတယ်။ အခြေနေမကောင်းတာ သူ့ဟာသူဆေးကုနေတာကိုတော့ သိတယ်” လို့ ဖြစ်စဥ်ကိုသိထားတဲ့ သာယာဝတီခရိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ကျဆုံးသွားတဲ့ ဗျူဟာမှူး စောဂျိမ်းရဲ့နာရေးကို ကွယ်လွန်ပြီးနောက်တရက် ဇွန်လ ၁၀ ရက်မှာ သင်္ဂြိုဟ်လိုက်ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက် မနက်ပိုင်းက အုတ်ဖိုမြို့နယ်၊ ချောင်းဂွကျေးရွာကို စစ်တပ်က တိုက်လေယာဥ်၊ စက်တပ်လေထီးတွေနဲ့ ၄ ကြိမ်ထက်မနည်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲ့ဒီဗုံးကြဲခံရမှုအတွင်း ဗျူဟာမှူး စောဂျိမ်း မှာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ဗုံးစထိမှန်ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တာပါ။

ရရှိဒဏ်ရာတွေကို ဆေးကုသနေရင်း ရက်သတ္တပတ် ၂ ခုအကြာမှာ အခုလိုကျဆုံးသွားခဲ့ရတာဖြစ်ပြီး အထက်ပါဗုံးကြဲမှုအတွင်း သရက်နှစ်ဖျားလိန်ရွာခံ ဦးပေါလု သေဆုံးခဲ့သလို ချောင်းဂွ(ကေ)ရွာ နေအိမ် ၇ လုံးလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ကိုစောဂျိမ်းဟာ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းနယ်ဘက်မှာ LPDF တပ်ဖွဲ့ဝင်တဦးအနေနဲ့ တော်လှန်ရေးလုပ်ငန်းတွေလုပ်ကိုင်ခဲ့ပြီးနောက် ၂၀၂၄ နှစ်ဆန်းပိုင်းမှာ သာယာဝတီခရိုင်အတွင်းကိုရောက်ရှိလာပြီး စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် NUG အစိုးရ လက်အောက်ကနေ တိုက်ပွဲဝင်နေသူဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။