ဝက်လက်၊ ဇွန် ၈၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှားကွဲရွာနဲ့ ရေကမိုးရွာကြားကနေအိမ်တွေကို စစ်ကော်မရှင်တပ်က မီးရှို့ခဲ့တယ်လို့ သစ်ဆိမ့်တိုက်နယ်တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဇွန် ၈ ရက်မနက် ၈ နာရီခန့်မှာ ရှားကွဲရွာမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်အင်အား ၇၀ ခန့်ဟာ စစ်ကြောင်းထိုးလာပြီးနောက် မီးရှို့ခဲ့တာလို့ဆိုပါတယ်။
“ရှားကွဲနဲ့ရေကမိုးကြား မန္တလေးတောင်နားက တောတိုက်နေအိမ်တွေကိုမီးရှို့တာ။ အိမ်တွေမှာတော့ လူမနေကြဘူး။ ပိုင်ရှင်တွေက စစ်ရှောင်နေကြတာကြာပြီ”လို့ သစ်ဆိမ့်တိုက်နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။
စစ်ကော်မရှင်အဖွဲ့တွေ မီးရှို့တာကြောင့် တောတိုက်ထဲကနေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးနိုင်ပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။
မီးရှို့ပြီးနောက် စစ်ကော်မရှင်စစ်ကြောင်းဟာ ရှားကွဲကျေးရွာကိုပြန်လည်အထိုင်ချတပ်စွဲထားပြီး စစ်ကြောင်းကြောင့် ရေကမိုး၊ ရှားကွဲ၊ ရွာသစ်၊ ထုံးဘိုကုန်း၊ ဂူကြီး၊ ငါးဘတ်ချောင်း၊ သစ်ဆိမ့်ရွာတွေက ပြည်သူ ၃,၀၀၀ ကျော်လည်း စစ်ရှောင်နေကြရတယ်လို့ အထက်ပါပကဖတာဝန်ရှိသူက ပြောပါတယ်။
မတ် ၁၀ ရက်ကလည်း ဝက်လက်မြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်း ဝင်သွားပြီးနောက် မီးရှို့သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးအလောင်းတွေ့ပြီး နေအိမ် ၆ လုံးလည်းဖျက်ဆီးခံခဲ့ရပါသေးတယ်။
စာတည်း – လင်း