အုတ်ဖို၊ ဇွန် ၂၊ ၂၀၂၆။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွ၊ ကျွဲတဲကုန်း၊ ချောင်းဆုံလေးကျေးရွာတွေကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက မီးထပ်ရှို့နေတာကြောင့် အိမ်ခြေရာနဲ့ချီပျက်စီးနိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဇွန်လ ၁ ရက်နေ့လယ် ၁ နာရီကျော်ကစတင်ပြီး ချောင်းဂွကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေဟာ ချောင်းဂွကျေးရွာထဲက နေအိမ်တွေကိုမီးထပ်ရှို့ပြီးနောက် ရွာချင်းကပ်လျက်ရှိနေတဲ့ ကျွဲတဲကုန်း၊ ချောင်းဆုံလေးရွာတွေကိုလည်း ဆက်တိုက်မီးရှို့ခဲ့တာလို့ဆိုပါတယ်။
“မီးက ညထိ မငြိမ်းဘူး။ ဒီမနက်တော့ ငြိမ်းသွားတယ်။ ဘာမှထပ်မကြားရသေးဘူး။ ပျက်စီးမှုက ရာချီမယ်။ အိမ်ခြေရာကျော်တဲ့ရွာတွေဆိုတော့။ ရွာတွေထဲမှာကျန်ပြီး ပုန်းနေတဲ့သူတွေက ရွာမီးရှို့တော့ ထပ်ပြီးထွက်ပြေးလာသူတွေပြောလို့ သိရတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကော်မရှင်အဖွဲ့တွေ မီးရှို့လို့ ၃ ရွာပေါင်း အိမ်ခြေ ၁၀၀ ကျော်မီးလောင်ပျက်စီးနိုင်ပြီး စစ်ကြောင်းရှိနေသေးတာကြောင့် အသေးစိတ်ကိုတော့ စာရင်းမကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။
အဲ့ဒီနေ့မှာပဲ ချောင်းဂွရွာကနေ ထွက်ပြေးလာသူအချို့ရဲ့ ပြောပြချက်အရ ချောင်းဂွကျေးရွာထိပ် တံတားပေါ်မှာ စစ်ကော်မရှင်တပ်တွေပစ်သတ်ပြီး စုပုံထားတဲ့ အလောင်း ၅ လောင်းကို တွေ့ရပြီး ဘယ်သူဘယ်ဝါတွေဆိုတာကိုတော့ ခွဲခြားမသိရသေးဘူးလို့ ဆိုပါတယ်။
အဆိုပါစစ်ကြောင်းဟာ ချောင်းဂွ၊ ကျွဲတဲကုန်း၊ ချောင်းဆုံလေးရွာတို့မှာ ဇွန်လ ၂ ရက်အထိ ဆက်လက်တပ်စွဲထားတယ်လို့ အထက်ပါဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
မေလ ၃၁ ရက်ကလည်း ချောင်းဂွရွာကို စစ်ကော်မရှင်အဖွဲ့တွေက ပထမအကြိမ်မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၃၀ ကျော်မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
စာတည်း – လင်း