မင်းတုန်းမှာ စစ်တပ်က အင်အားထောင်ကျော်နဲ့ စစ်ကြောင်းထိုးနေ

0 1
0 1

■ တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပြီး စစ်ကော်မရှင်ဘက်က သေဆုံးသူများဟုဆို

မင်းတုန်း၊ ဇွန် ၁၊ ၂၀၂၆။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်က အင်အား ၁,၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေပြီး ဒေသခံကာကွယ်ရေးတပ်တွေနဲ့လည်း တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ခဲ့တယ်လို့ ဇွန်လ ၁ ရက်မှာ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁၈ ရက်ကနေ ဒီကနေ့ ဇွန်လ ၁ ရက်အထိ မင်းတုန်းမြို့နယ်၊ သရက်-မင်းတုန်းလမ်းပိုင်းမှာ စစ်ကော်မရှင်စစ်ကြောင်းဝင်ရောက်နေပြီး ပြောင်းကျေးရွာနဲ့ ဒေါင်းတိုက်ကျေးရွာအနီးမှာ ကြားဖြတ် ပစ်ခတ်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးတော့ မရှိပါဘူး။ ရန်သူသေဆုံးမှုကို တိုက်ပွဲထဲ မျက်မြင်တွေ့ရှိတာတွေနဲ့ ကျနော်တို့ အထောက်တွေဆီကနေ ပြန်လည်သိရှိရတာတွေနဲ့ အတည်ပြုနိုင်ပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေကို မင်းတုန်းနဲ့ သရက်ကို ပို့တာတွေလည်း ရှိပါတယ်။ စစ်ကြောင်းက ၃ ကြောင်းခွဲပြီး မင်းတုန်းမြို့နယ်အနောက်ခြမ်းကျေးရွာတွေနဲ့ ရခိုင်ရိုးအစပ်ကို ဆက်ပြီး စစ်ကြောင်းထိုးနေတယ်။ ပြီးတော့ မင်းတုန်းရဲ့ တောင်ဘက်နဲ့ မြောက်ဘက်ကို ဆက်ထိုးနေတယ်။” လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းပြန်ကြားတာဝန်ခံ ကိုမြတ်က မြေလတ်အသံကို ပြောပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်းမှာ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက တပ်ဖွဲ့ဝင် ၂ ဦး လက်နက်ကြီးစထိမှန်ကာ မစိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ရက်ရှည်ဝင်ရောက်နေတဲ့အတွက် မင်းတုန်းမြို့နယ်က ကျေးရွာ ၂၀ ထက်မနည်းက ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေရပြီး သူက ဆက်ပြောပါတယ်။

“ပြည်သူတွေကတော့ မြို့ပေါ်လည်းရှောင်ကြတဲ့လူရှိသလို တောင်ယာတွေထဲမှာ ယာယီတဲလေးတွေ ဆောက်ပြီးရှောင်ကြပါတယ်။ အဓိကကတော့ မိုးရာသီလည်း ဖြစ်တဲ့အတွက် ကျန်းမာရေး အခက်အခဲတွေရှိပါတယ်။ ငှက်ဖျားဖြစ်တာတွေလည်း ရှိပါတယ်။” လို့ ကိုမြတ်က ပြောပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်နေစဉ်အတွင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးတာတွေရှိပြီး အသေးစိတ်ကိုတော့အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ခလရ ၄၄၊ ကပစ ၁၂၊ လပခလက်အောက်ခံတပ်တွေနဲ့ စစ်မှုထမ်းတပ်သားတွေပါဝင်တဲ့ စစ်ကြောင်းဟာ ဆက်လက်စစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်သတိပြုဖို့၊ ဘေးကင်းလုံခြုံတဲ့နေရာတွေမှာ နေထိုင်ဖို့လည်း သရက်ခရိုင် အမှတ် ၄ တပ်ရင်းက တိုက်တွန်းထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။