ရွှေဘိုက ရွာ ၄ ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

0 13
0 13

ရွှေဘို၊ မေ ၂၈၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ချီပါ၊ ဘုန်းဘွဲ့၊ ပေါက်တုံ၊ ရေတော်မူရွာတို့ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။

မေ ၂၇ ရက်မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ ချီပါရွာကားလမ်းဘေး လက်ဖက်ရည်ဆိုင်အနီးကို ဒရုန်းဗုံးနဲ့ ၁ ကြိမ်၊ မနက် ၁၁ နာရီခန့်မှာ ဘုန်းဘွဲ့ရွာကားလမ်းဘေးရှိ အသုပ်ဆိုင်အနီးနဲ့ မနက် ၁၁ နာရီခွဲမှာလည်း ပေါက်တုံရွာအနောက်ဘက်တို့ကို အသေခံဒရုန်း၊ ဒရုန်းဗုံးတို့နဲ့ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေ့လယ် ၁၂ နာရီခန့်မှာလည်း မုံရွာနမခ က တက်လာတဲ့ စက်တပ်လေထီးဟာ ရေတော်မူရွာ အနောက်ပိုင်းကို ဗုံး ၁ လုံးကြဲချခဲ့ရာ နေအိမ်တွေပေါ်ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ချီပါမှာ မာတီနဲ့ချခံရတာ လက်ဖက်ရည်ဆိုင်ပျက်စီးထိခိုက်မရှိ။ အဲ့ဒါပြီးတော့ ဘုန်းဘွဲ့မှာက လမ်းဘေးအသုပ်ဆိုင်ကိုချတာ။ အသုပ်ဆိုင်ကအမျိုးသမီးလည်းပြင်းထန်ဒဏ်ရာရပြီး သူလည်း ပျက်စီး(သေ)တယ်။ ပေါက်တုံမှာက သုံးဘီးမောင်းသမား မြို့ကနေပြန်လာတာ။ ဒရုန်းလာတာတွေ့လို့ သူကသုံးဘီးပေါ်ကခုန်ချပြီးရှောင်တာမှာ သူရှောင်တဲ့ဘက်ကို ဒရုန်းကျပြီးသေတာ။ ရေတော်မူကိုချတာမှာ အိမ်ပေါ်ကျပြီး အိမ်ထဲရှိနေသူတွေသေတာရှိတယ်”လို့ ရွှေဘိုမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ဘုန်းဘွဲ့ရွာက အသက် ၄၂ နှစ်အရွယ်အမျိုးသမီးသေဆုံး၊ လူလတ်ပိုင်း အမျိုးသမီး ၂ ဦးဒဏ်ရာရကာ လက်ဖက်ရည်ဆိုင်ပျက်စီးခဲ့သလို သစ်ချိုပင်ရွာသား အသက် ၄၀ အရွယ် သုံးဘီးမောင်းသူနဲ့ ရေတော်မူရွာကအသက် ၄၀ အရွယ် လင်မယား ၂ ဦးသေဆုံးပြီး အိမ်နီးချင်းအသက် ၄၀ အရွယ်အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရကာ နေအိမ် ၂ လုံးလည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရေတော်မူရွာက ဒေသခံ ၁၀၀ ဝန်းကျင်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မေ ၂၂ ရက်ကလည်း ရွှေဘိုမြို့နယ်၊ အနောက်တောင်ခြမ်း၊ ချီပါကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။