3 July 2026 11:02 PM

သရက်ခရိုင် အမှတ် ၄ တပ်ရင်းတပ်ဖွဲ့ဝင် ၉ ဦး စစ်တပ်ဆီဘက်ပြောင်း

0 33
0 33

မင်းတုန်း၊ မေ ၁၉၊ ၂၀၂၆။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ထဲ တာဝန်ချထားတဲ့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက တပ်ဖွဲ့ဝင် ၉ ဦး စစ်ကော်မရှင်တပ်ဆီ ဘက်ပြောင်းသွားတယ်လို့ မေ ၁၈ ရက်မှာ အဲ့ဒီတပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဘက်ပြောင်းသွားသူတွေဟာ ကံမမြို့နယ်၊ ရေနံ့သာကျေးရွာနေ ဖလက်(ခ)သက်ထွန်း၊ ဝက်ကုန်းကျေးရွာနေ စစ်သွေး (ခ) သက်နိုင်ထွန်း၊ ဇွေးမိကျေးရွာနေ တာတီး (ခ) ငဖြိုး၊ ခြောက်ပင်ကျေးရွာနေ သီဟ (ခ) ကျော်သီဟ၊ သရက်မြို့နယ်၊ ပျဉ်းအိုင်ကျေးရွာနေ ဝိုင်းလေး (ခ) ထွန်းနိုင်ဝင်း၊ တောင်မင်းတဲရပ်ကွက်နေ လိုက်ဂါးခေါ် (ခ) သက်ပိုင်စိုးနဲ့ နွေဦး (ခ) ကောင်းခန့်ဟိန်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာနေ တာနော် (ခ) ရှင်းသန့်မောင်နဲ့ ကံတွင်းကျေးရွာနေ မြတ်သူ (ခ) နိုင်ထက်ဝေ တို့ဖြစ်ပြီး ဖေဖော်ဝါရီလနဲ့ ဧပြီလ အတွင်းတွေမှာ ဘက်ပြောင်းသွားကြတာလို့ ဆိုပါတယ်။

“သူတို့တာဝန်ကျရာနေရာကနေ စစ်ကောင်စီ (စစ်ကော်မရှင်)နဲ့ဆက်သွယ်ပြီး ပြေးသွားတယ်။ သူတို့ထွက်ပြေး ပူးပေါင်းတာက မင်းတုန်းနယ်ထဲဆိုတော့ အဲ့မှာရှိတဲ့ ပျူ၊ စစ်တပ်၊ ရဲတွေနဲ့ချိတ်ဆက်ပြီး သရက်ခရိုင်မြို့ ဖြစ်တဲ့ ခလရ ၄၄၊ ကပစ ၁၂ တို့ကိုရောက်သွားတာ။ အဲ့ကနေတဆင့် လပခ ဘက်ကိုပို့တာရှိမယ်။ အချို့ကောင်လေးတွေဆို စစ်ကောင်စီဘက်မှာဘဲ ရဲထဲဝင်ဖို့လုပ်နေတာ။ သူတို့ကိုကောင်းကောင်းမွန်မွန်ထားပြပြီး ကျန်တဲ့ရဲဘော်တွေကိုဆက်သွယ်နေတာလည်းရှိတယ်”လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

အဆိုပါဘက်ပြောင်းသွားသူတွေဟာ ကျန်ခဲ့တဲ့တပ်ရင်းက တပ်ဖွဲ့ဝင်တွေဆီဆက်သွယ်ကာ ဘက်ပြောင်းဖို့စည်းရုံနေတာကြောင့် တပ်ရင်း၊ တပ်ခွဲ၊ တပ်စုအလိုက် အသိပေး သတိပေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဘက်ပြောင်းသွားသူ ၉ ဦးနဲ့အတူ ခဲယမ်းအချို့ပါသွားပြီး သူတို့နေထိုင်ခဲ့ဖူးတဲ့ ရှေ့တန်းကင်းစခန်းတွေရဲ့ နေရာအချိူ့ကိုတော့ ကြိုတင်ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။

ခုလိုဘက်ပြောင်းသွားပြီးနောက် မင်းတုန်းမြို့နယ်ထဲက စခန်းတည်နေရာအချို့ကို စစ်ကော်မရှင် စစ်ကြောင်းထိုးလာတာတွေရှိပေမယ့် ကြိုတင်ရွှေ့ပြောင်းထားနိုင်တာကြောင့် အထိအခိုက် အပျက်အစီးမရှိဘူးလို့ဆိုပါတယ်။

အဲ့ဒီ ၉ ဦးဟာ ၂၀၂၅ နောက်ပိုင်းမှ တပ်ရင်းဆီဝင်ရောက်လာသူတွေဖြစ်ပြီး သရက်ခရိုင်အမှတ် ၄ တပ်ရင်းကနေ အမည်ပျက်စာရင်းတင်ထားတယ်လို့ တပ်ရင်းပေ့ချ်ကနေ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။