⁨ငါးသရောက်မှာ စစ်ကော်မရှင်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

0 4
0 4

ငါးသရောက်၊ မေ ၁၆၊ ၂၀၂၆။

မန္တလေးတိုင်း၊ ငါးသရောက်မြို့နယ်အပိုင် ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတနေရာ စစ်ကော်မရှင်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးတယ်လို့ မေ ၁၆ ရက် ဒီကနေ့မှာ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မေ ၁၃ ရက်မနက် ၁၀ နာရီခန့်မှာ ညောင်ဦးအခြေစိုက် ခလရ ၄၁၅ တပ်ကလာတဲ့ အင်အား ၁၂၀ ပါစစ်ကြောင်းကို ငါးသရောက်မြို့နယ်ကိုလာတဲ့လမ်းပိုင်းတနေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီကောင်တွေက ရွာစဥ်ထိုးပြီးတော့ ပစ္စည်းတွေခိုး၊ ပြည်သူတွေကိုဖမ်း ရွာစဥ်လိုက်တက်အလာကို တနေရာကနေ စောင့်ဆိုင်းပြီးတော့ ခြုံခိုတိုက်ခိုက်လိုက်တာ။ တိုက်ပွဲဖြစ်တာ။ ၃ နာရီကျော်လောက် ဖြစ်တာ။ နှစ်ကျော့ဖြစ်သွားတာ။ ပထမအကြိမ်အလာကို ကျနော်တို့နဲ့ဖြစ်တယ်။ ရွာထဲကအထွက်မှာလည်းတကြိမ်ထပ်ဖြစ်တယ်”လို့ ဒေါင်းရင်သွေးတပ်ဖွဲ့တာဝန်ခံ ကိုကျော်ကပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်ဘက်က ၄ ဦးသေဆုံးတာကို မျက်မြင်မြင်တွေ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ဘက်က ကျန်ခဲ့တဲ့ကျည်အနည်းငယ်နဲ့ စစ်အသုံးဆောင်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့ပြီး ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့-DYTတပ်ဖွဲ့မှ လက်နက်ငယ် ၂ လက် ချို့ယွင်းပျက်စီးခဲ့တယ်လို့လည်း တပ်ဖွဲ့တာဝန်ခံကိုကျော်ကပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကြောင်းဟာ သေဆုံးထိခိုက်သူတွေကိုသယ်ဆောင်ကာ ငါးသရောက်မြို့ထဲ ဝင်ရောက်သွားပြီး မေလ ၁၆ ရက်အထိ မြို့ထဲမှာရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့-DYT၊ ပခုက္ကူခရိုင် Local တပ်ရင်း (PDLB)၊ 21Bagan- People Defense Force ၊ Good Brothers၊ နဲ့ Bagan Garuda Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်ကလည်း ငါးသရောက်ရဲစခန်းအနီးမှာ ရဲတပ်သား ၂ ဦး ကို ဒေသခံကာကွယ်ရေးတပ်တွေက ပစ်ခတ်ခဲ့ရာ ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။