မုံရွာ၊ မေ ၁၁၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဘူးတောင်းကန်ကျေးရွာမှာ စစ်ကော်မရှင်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးဗုံးစထိမှန်လို့ မိန်းကလေးငယ်နဲ့အဘွားဖြစ်သူတို့ သေဆုံးတယ်လို့ မုံရွာမြို့နယ်ပကဖပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။
မေလ ၉ ရက် နေ့လယ် ၁ နာရီခန့်မှာ ကျောက်ဆစ်ပုံရွာအမြောက်တပ် အမတ ၅၀၈ ကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ၁ လုံးဟာ ဘူးတောင်းကန်ကျေးရွာအတွင်း လူနေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။

” ကျကွဲတာက ၁ လုံးပဲ။ အိမ်တည့်တည့်ကိုကျတာ။ ခေါင် ပေါက်ထွက်တယ်။ အိမ်ထဲရှိနေသူတွေကော အိမ်ဝန်းကျင်ကသူတွေပါထိတာ” လို့ မုံရွာမြို့နယ်ပကဖပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
လက်နက်ကြီးဗုံးသီးစထိမှန်တာကြောင့် နေအိမ်တွင်းရှိနေတဲ့ အသက် ၈ နှစ်အရွယ် မိန်းကလေးနဲ့ အဘွားဖြစ်သူ အသက် ၇၀ ကျော်အရွယ်အမျိုးသမီးတို့ နေရာမှာပဲ သေဆုံးသွားပါတယ်။

ဒါ့အပြင် အခင်းဖြစ်နေအိမ်အနီးရှိနေတဲ့ အသက် ၄၀ ကနေ ၇၀ ကြား အမျိုးသား ၃ ဦးနဲ့အမျိုးသမီး ၄ ဦး လည်း ဗုံးစထိမှန်ဒဏ်ရာတွေရရှိခဲ့ပြီး နေအိမ်လည်းပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီလ ၂၄ ရက်ကလည်း မုံရွာမြို့နယ်တောင်ခြမ်းရှိ ဂျိုးစုကျေးရွာကို စစ်ကော်မရှင်တပ်ကဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၂ ဦးနဲ့ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာခဲ့တယ်လို့ သိရပါတယ်။