ကနီ၊ မေ ၇၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ကျေးရွာ ၁ ရွာရှိဆေးရုံ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရပြီး ဆေးကုသနေသူ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မေလ ၇ ရက်မနက် ၁၀ နာရီမှာ အဆိုပါဆေးရုံကို ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံး ၄ လုံးကြဲချခဲ့ရာမှာ သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။
“ဂျက်ဖိုက်တာကော ဒရုန်းနဲ့ကောချတာ။ ဂျက်ဖိုက်တာနဲ့က ဗုံး ၄ လုံး၊ ရောကတ်နဲ့ ၂ လုံးချသွားတာ။ ဆေးရုံနေရာကို ထိမှန်တာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဗုံးကြဲခံရလို့ ဆေးကုသနေတဲ့ အမျိုးသား ၂ ဦးသေဆုံးပြီး ထိခိုက်သူအချို့လည်းရှိပြီး အသေးစိတ်ကိုတော့ စာရင်းကောက်ယူနေတုန်းလို့ ဆိုပါတယ်။
ဗုံးကြဲခံရပြီးနောက် အခြားဆေးကုသနေသူတွေကို အရေးပေါ်ပြောင်းရွှေ့ရပြီး ဒဏ်ရာရသူတွေလည်း နေရာရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ ရက်ကလည်း ကနီမြို့နယ်အတွင်းက ဆေးရုံ ၁ ခုကို စစ်ကော်မရှင်ဘက်က စက်တပ်လေထီးနဲ့ဗုံးကြဲခဲ့လို့ ဆေးရုံဝန်ထမ်းအချို့အပါအဝင် ဆေးကုသူနေသူ ၇ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း