12 July 2026 9:37 PM

မဒဲရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူးနဲ့ဆယ်အိမ်မှူးတွေက စစ်မှုထမ်းကြေး ခြိမ်းခြောက်ကောက်ခံနေ

0 1
0 1

မကွေး၊ ဇန်နဝါရီ ၁၄၊ ၂၀၂၅။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာအုပ်စုထဲက ကျေးရွာတွေကို စစ်မှုမထမ်းချင်ရင် ၁ အိမ်ထောင် ၁ သောင်းခွဲကျပ် ပေးရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူးတွေက အတင်းအဓမ္မခြိမ်းခြောက် ကောက်ခံသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လယ်၁၂ နာရီမှာ အုပ်ချုပ်ရေးမှူး ဒေါ်ဝင်းဝင်းအေးနဲ့ ဆယ်အိမ်မှူးတွေဖြစ်တဲ့ ဦးလှဝင်း၊ ဦးစောတင်၊ မပြုံးကြည်တို့က ၁ အိမ်ထောင် ကျပ် ၁ သောင်းခွဲကောက်ခံပြီး ငွေမပေးနိုင်ရင် စစ်မှုထမ်းရမယ်ဆိုကာ အတင်းအဓမ္မခြိမ်းခြောက် ကောက်ခံခဲ့တာလို့ ဆိုပါတယ်။

“တကယ်လို့မှ မပေးဆောင်ရင် မဒဲရွာအရှေ့က ကျောင်းကုန်းကြီးကျေးရွာအုပ်စုနဲ့ ရေပုတ်ကလေးကျေးရွာအုပ်စုက ပျူစောထီးတွေကိုခေါ်ပြီးတော့ နေ့ချင်းညချင်း ဖမ်းဆီးခိုင်းပါမယ်ဆိုလို့ ခံဝန်ကတိတွေနဲ့ မပေးရင်မဖြစ်လို့ကြောက်အားလန့်အားကြီးပြီးတော့ ကျနော်တို့ပေးရပါတယ်”လို့ ဒေသခံတဦး ပြောပါတယ်။

မဒဲကျေးရွာအုပ်စုထဲမှာ အိမ်ခြေ ၄၀၀ ရှိတဲ့ မဒဲကျေးရွာအပါအဝင် ၇ ရွာရှိကာ မဒဲကုန်းရွာ အိမ်ခြေ ၁၀၀၊ ထိန်အိုင်ရွာ အိမ်ခြေ ၃၈၀၊ သစ်ပုတီးကုန်း ၁၃၅ အိမ်၊ မလွှကုန်းရွာမ အိမ်ခြေ ၁၃၀၊ မလွှကုန်းရွာသစ် အိမ်ခြေ ၉၀ နဲ့ အိမ်ခြေ ၁၃၈ အိမ်ရှိပေတောကျောင်းကုန်းရွာတို့ ပါဝင်ပါတယ်။

ရာအိမ်မှူးနဲ့အဖွဲ့ဟာ တနေ့ ၁ ရွာနှုန်းဝင်ရောက်ကောက်ခံခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်နေ့မှာ မဒဲကုန်းရွာကို နောက်ဆုံးကောက်ခံခဲ့တာကြောင့် နေ့လယ် ၁၂ နာရီကနေ ၃ နာရီအတွင်း မဒဲကျေးရွာ ရပ်ကွက်ရုံးကို သွားရောက်ပေးဆောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

ကျေးရွာအုပ်စု ၇ ရွာထဲက အိမ်ထောင်စုအားလုံးနီးပါး ပေးဆောင်ခဲ့ကြရကာ စားဝတ်နေရေး ကျပ်တည်းပြီး မပေးနိုင်တဲ့သူ ၄၊ ၅၊ ၁၀ ဦး လောက်ဟာလည်း ဘယ်နေ့ဘယ်ရက်မှာ ပေးပါမယ်ဆိုတဲ့ ခံဝန်ကတိပေးထားကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မဒဲကျေးရွာ အုပ်ချုပ်ရေးမှူး ဒေါ်ဝင်းဝင်းအေးဟာ ပွင့်ဖြူမြို့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှာ နေထိုင်ပြီး ဆယ်အိမ်မှူးဖြစ်တဲ့ ဦးလှဝင်း၊ ဦးစောတင်၊ မပြုံးကြည် တို့က မဒဲကျေးရွာမှာ နေထိုင်ကာ အုပ်စုတွင်းကျေးရွာတွေကို ငွေကြေးလိုက်လံကောက်ခံတယ်လို့ သိရပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။