မကွေး၊ ဇန်နဝါရီ ၁၄၊ ၂၀၂၅။
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဆည်ကန်ကျေးရွာက နေအိမ် ၃ လုံးကိုစစ်ကောင်စီတပ်သားတွေကမီးရှို့ ပြီး လင်းတကိုင်းရွာကဒေသခံတွေရဲ့ပစ္စည်းတွေကိုလည်း ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခလရ ၁၃ ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အင်အား ၁၀၀ ဝန်းကျင်က ကား ၄ စီးနဲ့ ဇန်နဝါရီ ၁၄ ရက်ဒီမနက် ၇ နာရီလောက်မှာ ဆည်ကန်ကျေးရွာကိုဝင်ရောက်ပြီး နေအိမ် ၃ လုံးကို မီးဝင်ရှို့ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် မနက် ၉ နာရီလောက်မှာတော့ ဆည်ကန်ရွာနဲ့ ၁ မိုင်အကွာက လင်းတကိုင်းရွာကို စစ်ကြောင်းဆက်သွားပြီး ကျေးရွာဆေးရုံထဲရှိ ပစ္စည်းတွေနဲ့ ဒေသခံနေအိမ်တွေက ရွှေ၊ ငွေ၊ စားသောက်ကုန်ပစ္စည်းတွေကို ဖောကား ၂ စီး၊ အိမ်စီးကား ၂ စီးနဲ့သယ်သွားကြတယ်လို့ ချောက်မြို့ ဒေသခံတဦးက ပြောပါတယ်။
ဆည်ကန်ကျေးရွာမှာ အိမ်ခြေ ၂၀၀ နဲ့ လူဦးရေ ၈၀၀ ကျော်၊ လင်းတကိုင်းရွာမှာ အိမ်ခြေ ၄၀၀ ကျော်နဲ့ လူဦးရေ ၁၆၀၀ ခန့်ရှိပြီး ဒေသခံတွေကတော့ ရွာကတိမ်းရှောင်တာမရှိဘူးလို့ဆိုပါတယ်။
ဒါပေမယ့် အဲ့ဒီကျေးရွာတွေအနီးက သစ်လှရွာ၊ ညောင်ပင်စမ်းရွာ၊ စမ်းရေယဉ်ရွာက ဒေသခံ ၈၀၀ ကျော်ကတော့ စစ်ကြောင်းဝင်လာဖို့စိုးရိမ်လို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဆိုပါစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့မှုဖြစ်နေတယ်လို့သိရပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံကဆက်လက်စုံစမ်းနေပါတယ်။
စာတည်း – လင်း