ဝက်လက်ကစာသင်ကျောင်းဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦး သေပြီး ဆရာမနဲ့ ကျောင်းသား ၁၁ ဦး ဒဏ်ရာရ

0 37
0 37

ဝက်လက်၊ ဧပြီ ၂၃၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က မုဆိုးခြုံရွာစာသင်ကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ကျောင်းဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၃ ရက် ဒီကနေ့မနက်ပိုင်းမှာ ရွှေဘိုမြို့အခြေစိုက် ခလရ ၄၂ တပ်ရင်းကနေ ၈ မိုင်ခန့်အကွာမှာရှိတဲ့ မုဆိုးခြုံရွာကို အသေခံဒရုန်း ၃ စီးနဲ့တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်ဆောင်ပေါ် နဲ့ ကျောင်းနံဘေးတွေကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒရုန်းဗုံးတွေ ကျရောက်ပေါက်ကွဲတာကြောင့် ကျောင်းဝန်းနံဘေးရေမြောင်းအတွင်း ရေချိုးနေတဲ့ အသက် ၃၀ အရွယ် မခိုင်မာစိုး ဆိုသူ အမျိုးသမီး ၁ ဦး ဒရုန်းဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်ဒရုန်းဗုံးတွေဟာ စာသင်ကျောင်း Grade – 8 စာသင်ခန်းပေါ် ကျရောက်ပေါက်ကွဲတာကြောင့် စာသင်ခန်းအတွင်းရှိနေတဲ့ ကျောင်းဆရာမ ၁ ဦးနဲ့ ကျောင်းသား ၃ ဦး၊ ကျောင်းသူ ၇ ဦး စုစုပေါင်း ၁၁ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကာ အဲ့ဒီထဲက ဆရာမဖြစ်သူမှာ ဒဏ်ရာပြင်းထန်တယ်လို့ ဝက်လက်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

” ဆရာမက နောက်ကျောကို ထိတာ၊ အသက်အန္တရာယ်စိုးရိမ်ရတယ်၊ ကျောင်းသား ၁ ယောက်လည်း ဒဏ်ရာ ပြင်းထန်တယ်” လို့ ပြောပါတယ်။

ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် စာသင်ဆောင် ၁ ခု ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသမှုပေးနေတယ်လို့ ဆိုပါတယ်။

ဧပြီ ၃ ရက် ညပိုင်းကလည်း ဝက်လက်မြို့နယ်၊ ဘုရားပျံရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ဦးနဲ့ အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။