အရှေ့အလယ်ပိုင်းပဋိပက္ခကြားမှာ အိန္ဒိယချည်မျှင်လုပ်ငန်း တရုတ်ဝယ်လိုအားကြောင့် အကျိုးအမြတ်ဖြစ်ထွန်းနေ

0 7
0 7

မြေလတ်အသံ၊ ဧပြီ ၂၃၊ ၂၀၂၆။

အရှေ့အလယ်ပိုင်းဒေသစစ်ပွဲကြောင့် လောင်စာဆီနဲ့ ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုတွေက အိန္ဒိယရှိစက်ရုံအများအပြားကို ထိခိုက်စေခဲ့ပေမယ့် အိန္ဒိယချည်မျှင်ထုတ်လုပ်ရေးလုပ်ငန်းတွေကတော့ တရုတ်နိုင်ငံရဲ့ မှာယူမှု အဆမတန်မြင့်တက်လာကြောင့် အကျိုးအမြတ်ရရှိနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာ့ဂွမ်းထုတ်လုပ်မှုအများဆုံး အဆင့် ၁ နိုင်ငံဖြစ်ပေမယ့် ၎င်းတို့ရဲ့ ဝယ်လိုအားကို ဖြည့်တင်းနိုင်ရေးအတွက် ဂွမ်းအကြမ်းထည် ၁၅ ရာခိုင်နှုန်းနဲ့ ချည်မျှင် ၂၀ ရာခိုင်နှုန်းခန့်ကို ပြည်ပတင်သွင်းမှုကနေ မှီခိုနေရတာလည်း ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေခက်ခဲလာလို့ ယခင်ဝယ်ယူနေကျ အမေရိကန်နဲ့ဘရာဇီးနိုင်ငံတို့ကနေ တင်ပို့မှုကြန့်ကြာနေခြင်းက အိန္ဒိယနိုင်ငံက ချည်မျှင်တွေကို ပိုမိုဝယ်ယူဖို့ဖြစ်လာပြီး ကမ္ဘာ့ဂွမ်းထုတ်လုပ်မှုဒုတိယအများဆုံး အိန္ဒိယနိုင်ငံအနေနဲ့ လက်ရှိမှာ တရုတ်နိုင်ငံအတွက် အဓိကအားထားရာ ဖြစ်လာပါတယ်။

ဒါ့အပြင် အိန္ဒိယရူပီးငွေဟာ တရုတ်ယွမ်ငွေနဲ့နှိုင်းယှဉ်ပါက ယခုနှစ်အတွင်း ၇ ရာခိုင်နှုန်းခန့် တန်ဖိုးကျဆင်းသွားတာကလည်း တရုတ်ဝယ်ယူသူတွေအတွက် ဈေးနှုန်းသက်သာတဲ့အားသာချက်တစ်ခု ဖြစ်လာပါတယ်။

အခြား ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ လုပ်ငန်းသုံးဓာတ်ငွေ့နဲ့ ကုန်ကြမ်းဈေးနှုန်းမြင့်တက်မှုဒဏ်ကို ခံနေရပေမယ့် ချည်မျှင်စက်ရုံတွေအနေနဲ့ လျှပ်စစ်နဲ့ နေရောင်ခြည်စွမ်းအင်ကို အဓိကသုံးစွဲရတာကြောင့် လောင်စာဆီပြတ်တောက်မှုဒဏ်ကနေ ကင်းလွတ်နေတာပါ။

ဂူဂျာရတ်ကုန်သည်ကြီးများအသင်းရဲ့ အဆိုအရ နိုဝင်ဘာလကစပြီး အိန္ဒိယကနေတရုတ်ကို ၁ လလျှင် ချည်မျှင်တန်ချိန် ၃၀,၀၀၀ ခန့် တင်ပို့နေရပြီး အဆိုပါပမာဏဟာ ယခင်ကထက် ၅ ဆခန့် မြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ဆိပ်ကမ်းနဲ့ ဂွမ်းစိုက်ပျိုးရာဒေသအနီးမှာရှိတဲ့ အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ စက်ရုံတွေဟာ သယ်ယူပို့ဆောင်ရေးစရိတ်သက်သာတာကြောင့် အကျိုးအမြတ် အများဆုံးရရှိနေတာဖြစ်ပြီး အိန္ဒိယတောင်ပိုင်း တမီးလ်နာဒူးပြည်နယ်ရှိ ထောင်ပေါင်းများစွာသော ချည်မျှင်စက်ရုံတွေကတော့ ဂွမ်းအကြမ်းထည်ကို နိုင်ငံအနောက်ပိုင်းနဲ့အလယ်ပိုင်းက ဝယ်ယူရတာကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် ပိုမိုမြင့်မားလာမှုကို ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

Ref – Reuters.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။