ဝေါ၊ ဧပြီ ၂၁၊ ၂၀၂၆။
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ စက်စု၊ ဆင်ရွာနဲ့ ညောင်လေးပင်မြို့နယ်၊ အရိုင်းကုန်းရွာအစပ်မှာ စစ်ကော်မရှင် ကင်းပုန်းတိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကိုသိတဲ့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။
အထက်ပါကျေးရွာ ၃ ရွာဆုံတဲ့နေရာအနီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အား ၂၀ ကျော် ကင်းပုန်းဝပ်နေချိန် ဧပြီ ၂၁ ရက်မနက် ၃ နာရီခန့်မှာ KNU တပ်မဟာ ၃ နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီးနောက် မနက် ၅ နာရီခန့်မှာ တိုက်ပွဲပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“လက်ရှိတော့ တပ်မဟာ ၃ ဘက်ကနေ ပြောက်ကျားဆင်နွှဲတာပေါ့။ အဲ့ကြောတလျှောက်လုံး ကင်းပုန်းတွေထားထားတာ။ ၃ ရွာအစပ်မှာ တိုက်ပွဲဖြစ်တာ။ သူတို့က အမြဲတမ်းထားတဲ့အင်အား မဟုတ်ဘူး။ တိုက်ပွဲက ၂ နာရီလောက်ကြာတယ်။ “လို့ ဖြစ်စဥ်ကိုသိတဲ့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦး နေရာတင်သေဆုံးကာ နောက်ထပ် ၃ ဦးပျောက်ဆုံးနေကြောင်း ဒေသခံတွေရဲ့ပြန်လည်ပြောပြချက်အရသိရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့သေနတ် ၄ လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းထားပြီး တိုက်ပွဲဖြစ်စဥ်အသေးစိတ်ကိုတော့ KNU တပ်မဟာ ၃ ဘက်က သတင်းထုတ်ပြန်ပေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဆင်ရွာမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်အင်အား ၅၀ ကျော်ဟာ တိုက်ပွဲဧရိယာကိုရောက်လာပြီး လမ်းသွားလမ်းလာ ခရီးသွားတွေကို စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ ၂၆ ရက်ကလည်း ဝေါမြို့နယ်၊ သူရဲသမိန်ရဲစခန်းက ရဲတပ်သား ၁ ဦး ရဲစခန်းအရှေ့ကင်းစောင့်နေချိန် စနိုက်ပါနဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
စာတည်း – လင်း