ပဇီကြီးရွာဗုံးကြဲမှုရဲ့တာဝန်ရှိသူ ဗိုလ်ချုပ် ထွန်းဝင်း လေတပ်ချုပ်အသစ်ဖြစ်လာ

0 30
0 30

■ တပ်ချုပ်အသစ်က စစ်တိုင်းမှူးနေရာတချို့ အချိန်းအပြောင်းစလုပ်

မြေလတ်အသံ၊ ဧပြီ ၂၂၊ ၂၀၂၆ ။

စစ်ကော်မရှင်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ် (လေ) အသစ်အဖြစ် စစ်ဦးစီးအရာရှိချုပ်(လေ) ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်း ကို ခန့်အပ်လိုက်တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

အခုဧပြီလထဲမှာပဲ သမ္မတရာထူးရယူလိုက်သူ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ အစိုးရအသစ်မှာ ယခင်လေတပ်ချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင် က ကာကွယ်ရေးဝန်ကြီးအဖြစ်နဲ့ပါဝင်လာတာကြောင့် ကာကွယ်ရေးဦးစီးချုပ်(လေ) ရာထူးက လစ်လပ်နေခဲ့တာပါ။

လေတပ်ချုပ် အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ် ထွန်းဝင်း ဟာ စစ်အာဏာသိမ်းပြီးနောက် အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူးအဖြစ် ၂၀၂၁ ကနေ ၂၀၂၃ အထိ ၃ နှစ်ကြာ မြန်မာပြည်အထက်ပိုင်းက လေတပ်တွေကို ကွပ်ကဲခဲ့တာပါ။

အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်ဟာ မကွေးလေတပ်စခန်းဌာနချုပ်အတွင်းအထိုင်ချကာ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း၊ ချင်းပြည်နယ်တွေထဲက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို အဓိကအမိန့်ပေးလုပ်ဆောင်နေတာလို့ မကွေးလေတပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တဦးက ပြောပါတယ်။

၂၀၂၃ ဧပြီ ၁၁ ရက်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုမှာ လူ ၁၆၀ ကျော်အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပြီး အဲ့ဒီကာလ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် ထွန်းဝင်း က တိုက်ခိုက်မှုရဲ့အဓိကတာဝန်ရှိသူတဦးလည်း ဖြစ်ပါတယ်။

အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်ဟာ မကွေးလေတပ်စခန်းဌာနချုပ်၊ မိတ္ထီလာလေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်၊ တံတားဦးလေတပ်စခန်းနဲ့ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် စတဲ့ လေတပ်စခန်းဌာနချုပ်တွေကို ကွပ်ကဲရတာလို့ လေတပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒါ့အပြင်တပ်ချုုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလက်ထက် ပထမဆုံးစစ်တိုင်းမှူးနဲ့တပ်မမှူး၊ ဌာနချုပ်မှူးအပြောင်းအရွှေ့တွေလုပ်ဆောင်ခဲ့ပြီး တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) တိုင်းမှူး၊ ဒကစမှူးတွေ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။

ရှမ်းမြောက် နောင်ချိုဒေသတိုက်ပွဲတွေမှာ နာမည်ကောင်းရခဲ့ပြီး တောင်ပိုင်းတိုင်းမှူးဖြစ်လာတဲ့ ဗိုလ်မှူးချုပ် သူရဇော်လွင်စိုး ကို အရှေ့တောင်တိုင်းမှူးအဖြစ် ပြောင်းရွှေ့လိုက်ပြီး အနောက်တောင်တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက် က တောင်ပိုင်းတိုင်းမှူး ဖြစ်လာပါတယ်။

လစ်လပ်သွားတဲ့ အနောက်တောင်တိုင်းမှူး နေရာကို ဒေသကွပ်ကဲမှူစစ်ဌာနချုပ်(လွိုင်ကော်) ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင် က ရောက်ရှိလာခဲ့တာပါ။

အလားတူ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ဌာနချုပ်မှူး ဗိုလ်မှူးချုပ် စိုးဦးဟန် ရဲ့နေရာကို နေပြည်တော်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(နကတ) က နည်းပြအရာရှိ ဗိုလ်မှူးကြီး စိန်ပြည်ဦး နဲ့ အစားထိုးခန့်အပ်လိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်ရာထူးရယူပြီးနောက် စစ်တပ်ထိပ်ပိုင်းရာထူးအပြောင်းအရွှေ့တွေ ပထမဆုံးလုပ်ဆောင်ခဲ့တာပြီး တိုင်းမှူး၊ တပ်မမှူး၊ စကခမှူး၊ ဒကစမှူး လေ့ကျင့်ရေးကျောင်းအုပ်ကြီးနေရာ ၁၅ နေရာထက်မနည်းကို ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။