ဝက်လက်၊ ဧပြီ ၂၀၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မင်းကန်ရွာ၊ စစ်ကိုင်းမြို့နယ်၊ သာစည် နဲ့ ရွှေစည်းခုံကျေးရွာတို့ကို စစ်ကော်မရှင်တပ်ကဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဝက်လက်မြို့နယ်ပကဖတာဝန်ရှိသူတွေဆီ သိရပါတယ်။
ဧပြီ ၁၉ ရက်နေ့လယ် ၁၂ နာရီကျော်မှာ စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာ ၂ စီးနဲ့ အထက်ပါ ကျေးရွာတွေကိုဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အရာတော်၊ သလဲဘာဘက် တိုက်ပွဲဖြစ်နေတာရှိတယ်။ ခုဗုံးကြဲခံရနေရာက မြို့နယ် ၃ ခုအစပ်။ တော်လှန်ရေးသမားတွေရှိမယ်ထင်ပြီး ကြဲသွားတာနေမယ်။ တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ တမိုင်ကျော်လောက်ပဲကွာတဲ့ရွာတွေဖြစ်တယ်”လို့ ဝက်လက်မြို့နယ်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ရွှေစည်းခုံရွာက အသက် ၃၀ ကျော်အရွယ်အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသား ၂ ဦးဒဏ်ရာရကာ နေအိမ် ၂ လုံးလည်းမီးလောင်ပျက်စီးခဲ့ပြီး ကျန်ကျေးရွာ ၂ ရွာမှာတော့ လူထိခိုက်မှုမရှိဘဲ နေအိမ်အပျက်အစီးရှိ၊ မရှိကိုတော့ စိစစ်နေဆဲလို့ဆိုပါတယ်။
ဗုံးကြဲခံရပြီးနောက် အထက်ပါကျေးရွာ ၃ ရွာက ပြည်သူ ၃၀၀၀ ခန့်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း အထက်ပါတာဝန်ရှိသူကပြောပါတယ်။
ဧပြီ ၁ ရက်ကလည်း ဝက်လက်မြို့နယ်၊ မင်းကုန်းကြီးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၀ လုံးမီးလောင်ပျက်စီးခဲ့ပါသေးတယ်။
စာတည်း – လင်း