အရာတော်၊ ဧပြီ ၁၇ ၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့တွေအထိုင်ချတပ်စွဲထားတဲ့ သလဲဘာရွာမှာ ၃ ရက်ကြာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။
သလဲဘာရွာရှိ ပျူစောထီးစခန်းတွေကို ဧပြီ ၁၄ ရက်ကစလို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ ၁၇ ရက်အထိ နေ့ရောာညပါတိုက်ပွဲတွေဆက်လက်ပြင်းထန်နေကာ စစ်တပ်က ကျေးရွာနဲ့အနီးတဝိုက်ကိုလေကြောင်းကနေဗုံးကြဲတာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဆိုပါတယ် ။
“တိုက်ပွဲဖြစ်တဲ့ နေရာတွကတော့ နေ့တိုင်းလိုလိုကို လာချနေတာ၊ ဟောင်ဝစ်ဇာကလည်း ရွာတွေထဲလည်း ကျတယ်၊ ပြည်သူတွေအထိအခိုက်တွေလည်း ရှိတယ်” လို့ အရာတော်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ဧပြီ ၁၅ ရက်က ပစ်ခတ်ခဲ့တဲ့ စစ်ကော်မရှင်ရဲ့လက်နက်ကြီးကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ သလဲဘာရွာနဲ့ကပ်လျက်မှာရှိတဲ့ ကဲဘာရွာမှာ နွားကျောင်းနေတဲ့အမျိုးသားနဲ့ နွားအုပ်လိုက် သေဆုံးခဲ့တယ်လို့ ကဲဘာရွာခံတဦးက ပြောပါတယ်။
ဒါ့အပြင်စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတာတွေကြောင့် ကဲဘာရွာစာသင်ကျောင်း၊ ဘုရားစေတီတွေအပါ သာသနိကအဆောက်အဦးတွေနဲ့ နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဧပြီ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင် စစ်ကော်မရှင်တပ်က တိုက်ပွဲတွေဖြစ်နေတဲ့ သလဲဘာရွာနဲ့ အနီးဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ထားတယ်လို့လည်း ရွာခံတွေဆီကသိရပါတယ်။
သလဲဘာရွာတိုက်ပွဲတွေကြောင့် အနီးအနားမှာရှိတဲ့ ဆင်တလည်၊ ကဲဘာ၊ မင်းရွာ၊ နွားမသင်းစတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သတင်း – ကျော်စွာ