မင်းလှက ပျူစောထီးတဦး ပစ်ခတ်ခံရပြီး သေဆုံး

0 1
0 1

ပဲခူး၊ ဇန်နဝါရီ ၂၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်က ပျူစောထီးတဦး ဇန်နဝါရီ ၂၂ ရက် ည ၇ နာရီလောက်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ နဲ့နီးစပ်သူဆီက သိရပါတယ်။

ဂန့်ဂေါ်ပင်ရွာမှာနေထိုင်တဲ့ ပျူစောထီး ရှမ်းလေး ဆိုသူကို သူ့ရဲ့နေအိမ်မှာရှိနေချိန် ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ဒီပျူစောထီးရှမ်းလေးက တော်တော်ဆိုးပါတယ်။ စစ်သင်တန်းတွေ သူလုပ်နေတာတွေရှိတယ်။ အကြိမ်ကြိမ် သတိပေးတယ်၊ မရတဲ့အဆုံး ကျနော်တို့ သွားပြီးတော့ ပစ်ခတ်ရှင်းလင်းရတာ။ ကျနော်တို့ တော်ရုံတန်ရုံ အဲ့လိုမျိုးမလုပ်ပါဘူး” လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ နဲ့ နီးစပ်သူက ပြောပါတယ်။

ရှမ်းလေးကြောင့် ထွက်ပြေးတိမ်းရှောင်ရသူတွေရှိပြီး သူနဲ့အဆင်မပြေသူတွေကိုလည်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို ထောက်ပံ့တယ်ဆိုကာ စစ်ကောင်စီဆီတိုင်ကြားပြီး ဖမ်းဆီးခိုင်းတာတွေရှိတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ နဲ့ နီးစပ်သူက ပြောပါတယ်။

“တော်တော်လေးကို ဒီကောင်ကဆိုးတယ်။ အဲ့မှာရှိတဲ့ ကျေးရွာသူ၊ ကျေးရွာသားတွေက အကုန်ကြောက်ရတယ်။ သူနဲ့မတည့်တာနဲ့ လက်ညှိုးထိုးပြီးတော့ PDF ထောက်ပို့တွေပါလို့ပြောပြီး ဖမ်းဆီးခိုင်းတယ်။ သတ်ဖြတ်ခိုင်းတယ်။ ” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ နဲ့ နီးစပ်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၃ ရက်မှာ ဂွေးချောင်းကျေးရွာက အသက် ၄၁ နှစ်အရွယ် ကိုသိန်းသန်းဌေး၊ နောက်ထပ်အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို စစ်ကောင်စီကဖမ်းဆီးခဲ့ကာ ဇန်နဝါရီ ၅ ရက်မှာတော့ ကိုသိန်းသန်းဌေးကို ခြောက်တင်းကွင်းဆက်သွယ်ရေးလမ်းပေါ်မှာ ဝါးကြောနှီးနဲ့ လက်ပြန်ကြိုးတုတ်ပြီး ရိုက်သတ်ခဲ့ပါတယ်။

ခုလို ဖမ်းဆီးရိုက်သတ်ခဲ့တဲ့ဖြစ်စဉ်မှာ အဆိုပါပျူစောထီး ရှမ်းလေးနဲ့အဖွဲ့လည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

ရှမ်းလေးဟာ စစ်တပ်ထောက်ခံသူဖြစ်တဲ့အပြင် စစ်မှုထမ်းသင်တန်းအတွက် လူမစုဆောင်းခင်ကတည်းက ပျူစောထီးသင်တန်းတက်ထားသူဖြစ်ပြီး သူ့ကိုပစ်ခတ်ဖို့ ၃ ကြိမ်လောက်ကြိုးစားခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီပစ်ခတ်မှုကို ၃၈၀၂ တပ်ရင်းမှတပ်ခွဲ ၂၊ ၃၊ ၆ (လက်ပံတန်းရွှေတန်းမြေအဖွဲ့) နဲ့ မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၁၉ ရက်ကလည်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ တပ်ဖွဲ့ဝင်တွေက မင်းလှမြို့နယ်၊ ဖြူကွင်းကျေးရွာ၊ ညောင်ကုန်းအုပ်စုအုပ်ချုပ်ရေးမှူး အာကြီး (ခ) ခင်ထွန်းလွင်ကိုပစ်ခတ်ရာ သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။