ရမည်းသင်း၊ ဧပြီ ၉၊ ၂၀၂၆။
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ လွှစင်ကျေးရွာကနေ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAက ၈ ရက်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လွှစင်ရွာကထွက်လာတဲ့ အဲ့ဒီစစ်ကြောင်းကို မတ်လ ၃၁ ရက်ကနေ ဧပြီ ၇ ရက်အထိ ၈ ရက်ကြာတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုတွေအတွင်း စစ်ကော်မရှင်တပ်သား ၅ ဦးထက်မနည်း ထိခိုက်ခဲ့ပြီး တိုက်ခိုက်ရေးဒရုန်း ၁ စင်း၊ ဆေးဝါး၊ ခဲယမ်းအနည်းငယ်နဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုအပြီး ဧပြီ ၈ ရက်မှာတော့ လွှစင်ကျေးရွာကထွက်လာတဲ့စစ်ကြောင်းက နတ်မောက်မြို့ဖက်ကို ထွက်သွားတယ်လို့ သိရကြောင်း PLA ပြောခွင့်ရတဦးက ပြောပါတယ်။
PLA က ပြီးခဲ့တဲ့ မတ်လထဲမှာလည်း ရန်ကုန်-မန္တလေးလမ်းပိုင်း၊ နေပြည်တော်အနီးနဲ့ မုံရွာ-မန္တလေးလမ်းပိုင်း၊ မြင်းမူမြို့နယ်အတွင်းမှာ စစ်ကော်မရှင်စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ PLAရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။