မော်လူးမှာ ဗုံးကြဲတိုက်ခိုက်လို့ မိသားစုဝင် ၇ ဦးအပါ ၈ ဦးသေဆုံး

0 11
0 11

မြေလတ်အသံ၊ ဇန်နဝါရီ ၃၀၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မော်လူးမြို့နယ်၊ လေဘိုကျေးရွာကို စစ်ကော်မရှင်တပ်က ဇန်နဝါရီ ၂၉ ရက်ည ၉ နာရီမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် ၇ ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေဘိုရွာထဲကို တိုက်ခိုက်ရေးလေယာဉ် ၁ စီးနဲ့ ပေါင် ၅၀၀ ဗုံးသီး ၂ လုံးကြဲချခဲ့တာကြောင့် လူနေအိမ် ၁ လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ဒဏ်ရာရတာ မရှိဘူး။ မိသားစု ၇ ဦးသေတဲ့ အိမ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးကျတာကို။ သေတာကလည်း ဆိုးဆိုးဝါးဝါးကို သေကြတာ။ နောက် ၁ ယောက်သေတာက ဘေးအိမ်ကပါ။”လို့ မော်လူးဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

သေဆုံးသူ ၈ ဦးမှာ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၄ ဦးဖြစ်ပြီး အဲ့ဒီထဲက ၁၃ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးနဲ့ ၆ နှစ်အရွယ် ယောကျ်ားကလေး ၁ ဦးပါဝင်တယ်လို့ သူက ဆိုပါတယ်။

လေဘိုကျေးရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး အခုလိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း အထက်ပါအမျိုးသားက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကလည်း မော်လူးမြို့နယ်၊ မာန်ဟဲကျေးရွာရှိ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖရုံးကို လေယာဉ် ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပကဖအဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။