11 July 2026 12:16 AM

မြိုင်နဲ့ ရေစကြိုမှာ စစ်တပ်ကစစ်ကြောင်းထိုးပြီး ဒေသခံပစ္စည်းတွေသယ်ယူနေ

0 25
0 25

မြေလတ်အသံ၊ ဇန်နဝါရီ ၂၄၊ ၂၀၂၆။

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်အတွင်းမှာ ဇန်နဝါရီ ၁၉ ရက်ကနေ ၂၄ ရက်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးကာ ဒေသခံတွေရဲ့ပစ္စည်းတွေကိုသယ်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၉ ရက်မှာ ရေစကြိုမြို့နယ်ရှိ ဖူလုံ ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ ကစစ်ကော်မရှင်တပ်တွေက မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းကို လာရောက်ပြီးနောက် ဒေသခံတွေရဲ့ ရိက္ခာပစ္စည်းတွေကို သိမ်းယူနေတာလို့ ဆိုပါတယ်။

“ရိက္ခာဖြည့်ဖို့က အဓိကနဲ့ လူအချိန်းအပြောင်းလည်း ဖြစ်နိုင်တယ်၊ ဖူလုံကလာတဲ့ စစ်ကြောင်းက ရိက္ခာလာရှာပေးတာဗျ၊ အရင်အခေါက်တွေတော့ ဖူလုံက စစ်ကြောင်းနဲ့ (လင်းကတော)စခန်းဖက်က စစ်သားတွေနဲ့က မပေါင်းဘူး၊ တနေရာစီနေတာ များတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

ဇန်နဝါရီ ၁၉ ရက်မှာ ဖူလုံ ခလရ ၂၅၆၊၂၅၇၊၂၅၈ ကနေ အင်အား ၁၀၀ ကျော်နဲ့ စတင်ထွက်လာပြီး နောက် ဇန်နဝါရီ ၂၀ ရက်မှာ ရေစကြိုမြို့နယ်၊ သဲပုံရွာမှာညအိပ်ပြီး ဇန်နဝါရီ ၂၂ ရက်မှာ လင်းကတောနယ်မြေရဲစခန်းထဲကို ဝင်ရောက်လာတာလို့ ဆိုပါတယ်။

အဲ့ဒီနောက် ဇန်နဝါရီ ၂၂ ရက် မနက် ၆ နာရီခန့်ကစလို့ လင်းကတောနယ်မြေရဲစခန်းရှိ စစ်ကော်မရှင်တပ်တွေနဲ့ပူးပေါင်းကာ စုစုပေါင်းအင်အား ၁၂၀ နဲ့ ရေစကြိုမြို့နယ်၊ နိပဆေးတောရွာကို ဝင်ကာ ဒေသခံပစ္စည်းတွေကို သိမ်းယူပြီး ည ၈ နာရီခွဲမှာ ရဲစခန်းထဲကိုပြန်ဝင်ခဲ့တယ်လို့ အထက်ပါဒေသခံကပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၃ ရက်ည ၈ နာရီခွဲခန့်မှာ လင်းကတောနယ်မြေရဲစခန်းကနေ ထပ်မံ စစ်ကြောင်းထိုးလာပြီး ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်မနက် ၇ နာရီမှာလည်း မြိုင်မြို့နယ်၊ တဲကြီးရွာကိုဝင်ပြီး ရွာခံတွေ စစ်ဘေးရှောင်နေချိန် ရိက္ခာပစ္စည်းတွေကို သယ်ယူနေတယ်လို့ သိရပါတယ်။

“လင်းကတော **ခြံကနေ မနေ့ည ၈ နာရီလောက်က အရှေ့ဖက်ကိုထွက်သွားတဲ့ **စစ်ကြောင်းက ဒီနေ့မနက် ၇ နာရီကျော်က တဲကြီးရွာကိုဝင်သွားပြီး ပြည်သူပိုင်ပစ္စည်းတွေကိုမွှေနှောက်နေပြီး ကြက်တွေလည်း ခိုးယူပြီး ချက်ပြုတ်စားသောက်နေကြတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကြောင်းကြောင့် ရေစကြိုမြို့နယ်က နိပဆေးတောရွာ၊ ခံစပ်တော၊ တောင်ဦး၊ ရွာထောင်၊ ကုက္ကိုစု၊ ဥယျာဉ်ရွာနဲ့ မြိုင်မြို့နယ်၊ တဲကြီးရွာတွေက ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကြောင်းက မြိုင်မြို့နယ်၊ တဲကြီးရွာကိုရောက်နေပြီး နောက်ထပ်ရွာတွေကို ဝင်ရောက်မွှေနှောက်နိုင်မယ့် အခြေအနေတွေရှိနေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။