ဖောင်းပြင် ၃ ရက်တာတိုက်ပွဲ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံး၊ ခဲယမ်းအများအပြားသိမ်းဆည်းရမိ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ စက်တောကျေးရွာမှာစစ်ကောင်စီတပ်နဲ့ နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေ ဇွန်လ ၂ ရက်​ကနေ ၄ရက်ထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများကာ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုက စက်တောရွာကို ဖောက်ဝင်စီးနင်းချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၃ ဖက်ဝိုင်းပြီး ၃ ရက်တာ ပိတ်ဆို့ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများတယ်လို့ HPDF ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

“ရွာထဲပိတ်မိနေလို့ ပြန်ထွက်ချင်နေတာကိုလည်း ကျနော်တို့သိတယ်။ ပျူရွာဘက်ကို စက်လှေနဲ့အေးအေးဆေးဆေး ဆုတ်ခွင့်ပေးတာကို နောက်ဆုံးစက်လှေပေါ်ကကောင်တွေက ရဲဘော်တွေရေခပ်နေတာကို သေနတ်နဲ့လှမ်းပစ်လို့ အဲ့မှာသူတို့(စကစ)ကို ဒရုန်းနဲ့ပစ်ချပြီး သေနတ်နဲ့လိုက်ပစ်ခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် ခလရ ၂၇၂၊ ခလရ ၂၂၂နဲ့ ခမရ ၃၇၀ ပူးပေါင်းတပ် အင်အား ၁၅၀ ခန့်၊ ရှမ်းနီ SNA တပ် တပ်မဟာ ၈၉၁၊ တပ်မဟာ ၇၅၃ ပူးပေါင်းအဖွဲ့က အင်အား ၅၀ ခန့် စုစုပေါင်း အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က စစ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး ၃ ပွင့်ဗိုလ်ကြီးတဦး အပါအဝင် တပ်သား ၇ ဦး ဟုမ္မလင်းဆေးရုံမှာ တက်ရောက်ကုသနေရကာ အဲ့ဒီဗိုလ်ကြီးက ခြေထောက် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

နယ်မြေရှင်းလင်းရေးဝင်ချိန် စစ်ကောင်စီဘက်က ဖမ်းဆီးသတ်ဖြတ်ထားတဲ့ စက်တောရွာသား ၃ ဦးရဲ့ အလောင်းကိုတွေ့ခဲ့ရပြီး ကျေးရွာအနီးတောင်ကုန်းတခုမှာလည်း သေဆုံးစစ်သားအလောင်း ၇ လောင်း တူးဖော်ရရှိထားကာ အလောင်းတွေကို သင်္ဂြိုဟ်ပေးလိုက်ပြီလို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း ၅.၅၆ မမ ကျည် ၇၀၀တောင့် ၊ RPG ဗုံးသီး ၅ လုံး၊ RPG ပို့ယမ်း ၂တောင့်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ နင်းမိုင်း ၃ လုံး၊ အီနာဂါ ၈လုံး၊ ၆၀မမဗုံးသီး ၁၁ လုံး၊ ကျည်အိမ်အဝိုင်း ၁ ခု၊ စစ်တပ်ဗိုလ်ကြီးအဆင့် ပုခုံးတံဆိပ်များ၊ ဖုန်း ‌၃ လုံး၊ ဓား ၃ ချောင်းနဲ့ တခြားဆက်စပ်ပစ္စည်းတွေ အများအပြား သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာအထိနာတဲ့ စစ်ကောင်စီတပ်က ဇွန်လ ၃ ရက် ညနေ ၃နာရီခွဲကျော်မှာ MI 17နဲ့ MI 35 ရဟတ်ယာဉ်တွေနဲ့ လေကြောင်းပစ်ကူပေးခဲ့ပြီး နောက်နေ့ ဇွန်လ ၄ ရက် နေ့လည် ၁ နာရီခွဲမှာတော့ ပျူစောထီးရွာဖြစ်တဲ့ ကျွန်းကုန်းရွာဘက်ကို ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲကို ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုနဲ့ ဟုမ္မလင်း-ဖောင်းပြင် လှုပ်ရှားစစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ရက်နဲ့ ၁၈ရက်မှာလည်း ဟုမ္မလင်းမြို့နယ် တုံစီကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ နီးပါး သေဆုံးတဲ့အတွက် လေယာဉ်ပစ်ကူခေါ်ပြီး ဆုတ်ခွာခဲ့ရပါသေးတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။