မိုးရွာလို့ယာခင်းတဲထဲဝင်နားချိန် မိုးကြိုးထိလို့ အမျိုးသား ၃ ဦးသေဆုံး

0 1
0 1

မကွေး၊ ဇွန် ၁၊ ၂၀၂၃။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မုန်းတောကြီးကျေးရွာမှာ မေလ ၃၁ ရက် မနေ့ ညနေ ၄ နာရီဝန်းကျင်အချိန်က အမျိုးသား ၃ ဦး မိုးကြိုးထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားသူတွေဟာ အသက် ၄၉ နှစ်အရွယ် ကိုလှိုင်မျိုးဦး ၊ အသက် ၂၉ နှစ်အရွယ် ကိုဇော်မျိုးအောင် နဲ့ အသက်၂၈ နှစ်အရွယ် ကိုအောင်ဆန်းတို့ဖြစ်ပြီး မုန်းတောကြီးကျေးရွာ၊ တောင်ဘက်ကွင်းအတွင်း ယာခင်းတဲမှာရှိနေစဉ် မိုးကြိုးထိသွားတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“သူတို့လယ်ထဲက နှမ်းခင်းကို ရေသွင်းနေတဲ့အချိန် မိုးရွာ၊ လျှပ်စီးတွေလက်နေလို့ ယာခင်းတဲထဲ ဝင်နားလိုက်ကြတယ်။ သူတို့တဲထဲရောက်ပြီးချိန်မှ မိုးကြိုးကပစ်တာ။ သူတို့နားနေတဲ့ တဲကိုထိပြီး သူတို့ ၃ ယောက်လုံးပါ မိုးကြိုးထိပြီး သေသွားတာ။ ၂ ယောက်က ညီအကိုဝမ်းကွဲ၊ တယောက်က အလုပ်သမား “လို့ ပြောပါတယ်။

မိုးကြိုးထိသေဆုံးသွားတဲ့သူ ၃ ဦးကို ဒေသခံတွေက ပွင့်ဖြူဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ ဆရာဝန်တွေရဲ့ ရင်ခွဲစစ်ဆေးချက်တွေပြီးလို့ အလောင်းတွေကို မုန်းတောကြီး ကျေးရွာကို ပြန်သယ်လာပြီး နာရေးလုပ်ဖို့ ပြင်နေကြတယ်လို့ သိရပါတယ်။

အလားတူ ယမန်နေ့ မေလ ၃၁ ရက် ညနေပိုင်းမှပဘဲ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် လေးတောင်မြို့က ကျောင်းသား ၂ ဦး မိုးရွာနေချိန်ဂိမ်းဆော့စဉ် မိုးကြိုးထိမှန်သေဆုံးခဲ့သေးတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

စာတည်း – ရင်ငြိမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။